ပန်ဆိုင်း(ကြူကုတ်)မြို့၌ ရဟန်းသံဃာတော်များအား နှာခေါင်းစည်း (Mask)များနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်း

ပန်ဆိုင်း ဇန်နဝါရီ    ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ အောင်မင်္ဂလာ ကျောင်းတိုက်နှင့် ထေရဝါဒသာသနာပြုကျောင်းရှိ ရဟန်းသံဃာတော်များအား နှာခေါင်းစည်း (Mask)အခုရေ (၂၀၀)စီနှင့် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက လှူဒါန်းပေးအပ် သည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရဟန်းသံဃာတော်များအား ကိုဗစ်-၁၉ရောဂါကာကွယ် တားဆီးနိုင်ရန် အတွက် နှာခေါင်းစည်း(Mask)များ လှူဒါန်းရခြင်းဖြစ်ပြီး ရဟန်းသံဃာတော်များ သတင်းသုံးရေးနှင့် ကျန်းမာရေးရေးအတွက် လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရေးအတွက် ဆေးဝါးများ၊ လှူဖွယ် ဝတ္ထုငွေများကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများစုပေါင်း၍ လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇာနည်က ပြောကြားသည်။

ထို့နောက် လှူဖွယ်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် ထေရဝါဒသာသနာပြု ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။

သန်းမိုးခိုင် (ပြန်/ဆက်)