ဟားခါးမြို့နယ် သီနမ်းကျေးရွာတွင် လူနေအိမ်(၁)လုံးမီးလောင်မှုဖြစ်ပွား

ဟားခါး                   ဇန်နဝါရီ                  ၂၃

ဟားခါးမြို့နယ် သီနမ်းကျေးရွာတွင် နေအိမ်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် ယနေ့နံနက် ၂ နာရီ ခွဲခန့်က လူနေအိမ်(၁)လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဟားခါးမြို့နယ် သီနမ်းကျေးရွာ အိမ်ရှင် ဦးတလွန်ထန်း၏ (၁၄×၁၂) သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်ရှိ မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ကျေးရွာအတွင်း အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူများမှ အနီးပတ်ဝန်ကျင်ရှိ ရေဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ် ခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် မိသားစုဝင်(၄)ဦး အား နီးစပ်ရာဆွေမျိုးများအိမ်သို့ နေရာ ချထားပေးခဲ့ကြကြောင်း ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင်ထံမှ သိရှိရသည်။ အဆိုပါ မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးဘေးသင့် မိသားစုဝင်(၄)ဦးအား ချင်းပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးကို လည်းကောင်း၊ ဟားခါးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ အခြေခံအသုံးအဆောင်ပစ္စည်းများကို လည်းကောင်း ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)