ပန်နန်းဒင် ဇန်နဝါရီ ၂၅
နယ်စပ်ရေးရာဝန်ကြီးဌာနသည် “နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ အမြန်ဖွံ့ဖြိုး တိုးတက်ရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နယ်စပ်ဒေသ တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ၏ မြောက်ဘက်ဆုံးမြို့ဖြစ်သည့် ခါကာဘိုရာဇီဒေသပန်နန်းဒင်မြို့အတွင်း နယ်မြေ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရေးအတွက် (ပန်နန်းဒင်-တဟွန်ဒမ်း) လမ်းပိုင်း(၆၃) မိုင် မြေသားလမ်းကိုဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
ထို ပန်နန်းဒင်-တဟွန်းဒမ်းလမ်းပိုင်း (၆၃) မိုင် ဖောက်လုပ်လျက်ရှိသည့်လုပ်ငန်းခွင်နေရာသို့ နယ်စပ်ရေးရာ၀န်ကြီးဌာန လုပ်ငန်း(၁) ညွှန်ကြားရေးမှူး ဦးစိုးလွင်၊ အင်ဂျင်နီယာမှူးကြီး ဦးခင်မောင်လတ်၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးမျိုးသန့်နှင့် ပန်နန်းဒင်မြို့ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းတို့က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်နေ့တွင် လုပ်ငန်းခွင်နေရာသို့ မြေပြင်ကွင်းဆင်းကာ သွားရောက်စစ်ဆေးခဲ့ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်အချိန်မီပြီးစီးနိုင်ရေးအတွက် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်နန်းဒင်-တဟွန်ဒမ်း လမ်းပိုင်း(၆၃) မိုင်အနက် ပန်နန်းဒင်မြို့မှ (၁၅)မိုင်အထိကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် အမာခံလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ပြီး ထိုလမ်းပိုင်းများပြီးစီးပါက ကျေးရွာ(၁၆) ရွာရှိ ဒေသခံပြည်သူများ သွားလာရေးအဆင်ပြေလာမည် ဖြစ်ကာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် လူမှုဘ၀ အဖက်ဖက်တွင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပန်နန်းဒင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
နောယော်ဘော်(ပြန်/ဆက်)