ပျဉ်းမနားမြို့နယ်တွင် ကျေးလက်ကုန်ထုတ်လမ်းနှင့် ရေပေးရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ပျဉ်းမနား    ဩဂုတ်    ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြု ရန်ပုံငွေ ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည့် ကျေးလက် ကုန်ထုတ်လမ်းများနှင့် ကျေးလက်ရေပေးရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက ပျဉ်းမနား မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းမနားတွင် ပျဉ်းမနားမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းဇော်က ကျေးရွာ အတွင်း နေထိုင်ကြသည့် ဒေသခံ ပြည်သူများအနေဖြင့်  ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းလုံး ညီညွတ်မှုရှိကြရန်၊ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြရန်၊ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ကို မွေးမြူကြရန်၊ မိမိတို့၏ ကျေးရွာကို ဖွံ့ဖြိုးတိုးတက်လို စိတ်မွေးမြူကြ ရန်နှင့် ‌ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများအပေါ် တန်ဖိုးထားဆောင်ရွက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် လည်ပတ်ထိန်းသိမ်းစနစ်များနှင့်အညီ ဆောင်ရွက် ကြရန် ပြောကြားသည်။

ထို့နောက် ပျဉ်းမနားမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက ကျေးရွာများမှ တက်ရောက်လာသည့် လမ်းကော်မတီများထံ ဆောင်ရွက်ပြီးသည့် ကျေးလက်ကုန်ထုတ်လမ်းများကို လွှဲပြောင်းပေးအပ်ပြီး ပျဉ်းမနားမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန  ဦးစီးမှူး ဦးထွန်းနွယ်ဦးနှင့် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာရေပေးရေး ကော်မတီ များထံ ရေးပေးရေးလုပ်ငန်းများ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။

စိုးမိုး(ပြန်ဆက်)