ပန်ဝါမြို့ရှိ နှင်းခဲသည့်ရေခဲချောင်း၌ လာရောက်လည်ပတ်သူများပြား

ပန်ဝါ  ဇန်နဝါရီ  ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ ပန်ဝါမြို့၌ ဆောင်းတွင်းကာလ၌ ရေခဲခြင်း၊ နှင်းမိုးရွာသွန်းခြင်း တို့ကြောင့် မြန်မာနိုင်ငံတွင် အထင်ကရ မြို့အဖြစ် တည်ရှိနေသည့် ပန်ဝါမြို့ အမှတ်သုံး နယ်စပ်မှတ်တိုင် အနီးရှိ ရေခဲချောင်း၌ လာရောက်အပန်းဖြေသူ များပြားလျက်ရှိကြောင်း သိရသည်။

ယခုလ(၂၁)ရက်မှစ၍ နှင်းမိုးများ ရွာကျပြီးနောက် နှင်းခဲသည့်ရေခဲချောင်းသို့ လာရောက်လည်ပတ်သူ များပြားလာပြီး အဆိုပါ လာရောက်လည်ပတ်သူများမှ ဦးခေါင်လန်ဒီးက “ဒီတစ်ခါနဲ့ဆို လာလည်တာ နှစ်ခါရှိပြီဟုတ်တယ်၊ ရေခဲနေတာ တော်တော်များတော့ တော်ရုံနဲ့အရည်ပျော်ဦးမှာ မဟုတ်ဘူး၊ အခုက သူငယ်ချင်းတွေနဲ့ လာတာဟုတ်တယ်၊ အရမ်းပျော်ပါတယ်" ဟုပြောကြားသည်။

ဆက်လက်၍ ဦးပြည့်ဖြိုးပိုင်က "ကျွန်တော် ပန်ဝါရောက်တာ(၄)နှစ်ရှိပြီ၊ ဒါပထမဆုံးအကြိမ် ရောက်တာပါ၊ တစ်နာရီနီးပါး ကားမောင်းရတယ်၊ ပြီးမှ ဆယ်မိနစ်လောက် လမ်းလျှောက်ရတယ် ဆိုပေမယ့် ရေခဲတွေ နှင်းတွေအပေါ်မောင်းရ လျှောက်ရတော့ တော်တော်ပျော်စရာ ကောင်းပါတယ်" ဟုပြောကြားသည်။

ပန်ဝါမြို့သည် နှစ်စဉ်နှစ်တိုင်း ဆောင်းတွင်း ကာလများတွင် နှင်းမိုးများရွာသဖြင့် ရေခဲနှင်းများ ဖုံးလွမ်း လျက်ရှိကြောင်း သိရသည်။

ရဲညွန့်(ပြန်/ဆက်)