လောက်ကိုင် ဩဂုတ် ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့နယ် ၊ ထင်ပါကျိုင်းအုပ်စု၊ ဆီအော ကျေးရွာ တွင် မိုးစပါးမျိုးစေ့ ထုတ် စိုက်ပျိုးရေး တောင်သူပညာပေး ဆွေး နွေးပွဲ ကို ယမန်နေ့ နံနက်က ဆီအောကျေးရွာဓမ္မာရုံ၌ ကျင်းပ ပြုလုပ်သည်။
ပညာပေးဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်မျိုးဝေ က COVID-19 စီးပွားရေး ကုစားမှုအစီအစဉ် ( COVID-19 Economic Relief Plan – CERP ) အရ လောက်ကိုင်မြို့နယ် တွင် မိုးစပါး မျိုးစေ့ထုတ် (၁၅၀) ဧက နှင့် ကုန်းကြမ်း မြို့နယ်တွင် (၅၀)ဧက ဆောင်ရွက်မည်ဖြစ်ပြီး တောင်သူများ ကိုယ်တိုင် စပါးမျိုးထုတ်သည့်လုပ်ငန်း လုပ်ကိုင်၍ ဒေသတွင်း မျိုးစေ့ အလွယ်တကူ ရရှိ အသုံးပြုနိုင်စေရန်နှင့် COVID-19 ကပ်ရောဂါ ကာလတွင် စပါးမျိုးစေ့ထုတ် စိုက်ပျိုးရေးအပေါ် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် တစ်ဧကလျှင် မျိုးစေ့ဘိုး ကျပ်(၈၅၀၀)နှင့် လုပ်အားခအတွက် ကျပ် (၁၄၀၀၀၀)ကို ကူညီ ထောက်ပံ့ ပေးသွားမည်ဖြစ်ကာ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ များ ရရှိရေးအတွက် မျိုးစေ့ထုတ်လုပ်ငန်းများကို စနစ် တကျ လိုက်ပါ ဆောင်ရွက်သွားကြရန်နှင့် ဒေသတွင်း တောင်သူအချင်းချင်း စပါးမျိုးစေ့များ ဖြန့်ဖြူး ဆောင်ရွက်ပြီး မျိုးစေ့ထုတ်အသင်းအဖွဲ့များ ဖြစ်လာအောင် ဆောင်ရွက်သွားရန် ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် လောက်ကိုင်ခရိုင် မျိုးစေ့တာဝန်ခံ ဒေါ်ဖြူသွဲ့နှင်း က စပါးမျိုးစေ့ထုတ်လုပ်ငန်းတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် မျိုးစပါး ဆားရည်စိမ် မျိုးသန့်စင်ခြင်း လုပ်ငန်းများအား ဗီနိုင်း၊ ပိုစတာ များဖြင့် လက်တွေ့ ပြသကာ ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ ဦးမိုးမင်းစိုးက ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများနှင့် ဖျက်ပိုးနှံကောင်အကြောင်း ရုပ်ပုံပြစက်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ လောက်ကိုင်မြို့နယ်အတွင်းရှိ ဆီအောကျေးရွာ ၊ ဟဲဟော်ကျေးရွာနှင့် မန်ဆိုင်းကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာများမှ စပါးမျိုးစေ့ ထုတ်စိုက်ပျိုးမည့် တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်အောင်(ပြန်/ဆက်)