မံစီမြို့နယ်၌ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး ကြီးကြပ်ရေးအဖွဲ့များ စတင်ရွေးချယ် ဖွဲ့စည်း

မံစီ  ဇန်နဝါရီ  ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရေး ကြီးကြပ်ရေးအဖွဲ့များကို ယနေ့ နံနက် ၁၀ နာရီက စတင်ရွေးချယ် ဖွဲ့စည်းလျက်ရှိရာ မောရဝတီရပ်ကွက်နှင့် နမ့်မဖွဲကျေးရွာ အုပ်စုတို့တွင် ရွေးချယ်ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြသည်။

ရပ်ကွက်၊ ကျေးရွာတစ်ခု၏ အုပ်ချုပ်ရေးမှူးရွေးချယ်ရေး ကြီးကြပ်ရေးအဖွဲ့ကို အဖွဲ့ဝင်(၅)ဦးဖြင့် ဖွဲ့စည်းလျက်ရှိရာ ရပ်ကွက်၊ ကျေးရွာအုပ်စုမှ ပြည်သူများက ရွေးချယ်၍ အဆိုတင်သွင်းလာသည့် ရပ်မိရပ်ဖ (၅)ဦးအား ဖွဲ့စည်းတာဝန်ပေးလျက်ရှိပြီး (၅)ဦးထက်ပို၍ ရွေးချယ် အဆိုတင်သွင်းမှုရှိပါက ဆန္ဒမဲစနစ်ဖြင့် ရွေးချယ်ဖွဲ့စည်း တာဝန်ပေးလျက်ရှိကြောင်း သိရသည်။

ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းနိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများက အဖွဲ့(၅)ဖွဲ့ခွဲ၍ တာဝန်ယူ ဆောင်ရွက် လျက်ရှိနေပြီး လုပ်ငန်းများကို လာမည့်ဖေဖော်ဝါရီလ ပထမပတ်တွင် ပြီးစီးအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ရိန် (ပြန်/ဆက်)