ချီဖွေမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ/ဆင်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ချီဖွေ  သြဂုတ်  ၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ဌာနဆိုင်ရာများ၊  မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အရံသားဖွားဆရာမ တို့ပူးပေါင်းအဖွဲ့သည် သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊သွန်၊လဲ၊စစ်၊ လုပ်ငန်းများကို ယနေ့ နံနက်(၇)နာရီတွင် ချီဖွေမြို့ပေါ် ရစ်လော်ခေါင်ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်တွင် မြို့နယ်ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သားဖွားဆရာမ  ဒေါ်ဘောမ်ဝမ်နှင့် သားဖွားဆရာမ ဒေါ်ဂျီးအောင် ဦးဆောင်သော အဖွဲ့နှစ်ဖွဲ့၊ အရံသားဖွား ဆရာမနှင့် ပြည်သူများက ရပ်ကွက်ရှိ ရေစည်၊ ရေကန်၊ ရေအိုး၊ ရေတိုင်ကီ၊ ရေသိုလှောင်ပုံး၊ ရေသိုလှောင်ကန်များ၊ တည်းခိုခန်းများရှိ ရေသိုလှောင်ကန်များ၌ အဘိတ် ဆေးခတ်ခြင်း၊ ရေတင်ကျန်ရှိနိုင်သည့် အရာများကို ရေလဲခြင်း၊ ပိုးလောက်လန်းများ ရေစစ်ထုတ်နှိမ်နင်းခြင်းများကို တစ်အိမ်တက်ဆင်း လုပ်ဆောင်ခဲ့ကြပြီး ပြည်သူများ ကိုယ်တိုင်ပူးပေါင်း လုပ်ဆောင်နိုင်ရေးနှင့် “ ပြည်သူများအနေနှင့် ရေမြောင်းများထဲ အမှိုက် မပစ်ရန်၊ ရေတင်ကျန်ရင် သွန်ပစ်ရန်၊ ရေများအား နှစ်ရက်၊ သုံးရက် ထက်ပိုပြီး ရေသိုလှောင်ခြင်း မပြုရန်နှင့် ရေသိုလောင်ခြင်းအားဖြင့် ပိုးလောက်လန်းပေါက်ဖွားလာမည်၊ ပိုးလောက်လန်းမှ တဆင့် ခြင်ပေါက်ဖွားပြီး ခြင်မှတဆင့် သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေး ရောဂါများ ဖြစ်စေနိုင်ပါကြောင်း၊ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုမို ကောင်းမွန်ပါ ကြောင်း၊ ယခုလို အဘိတ်ဆေးခတ်ခြင်းသည် ပိုးမွှားများအား ကြိုတင်ကာကွယ် နှိမ်နင်းခြင်းဖြစ်ပါကြောင်း” ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လိုက်နာဆောင်ရွက်နိုင် စေရန် မိမိဒေသဘာသာစကားဖြင့် သားဖွားဆရာမ ဒေါ်ဘောမ်ဝမ်မှ အသိပညာပေး ဟောပြောခဲ့သည်။

ချီဖွေမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ၊ ဆင်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို မြို့နယ်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေး ကျန်းမာရေးဝန်ထမ်းများ ၊မိခင်ကလေး/အမျိုးသမီးရေးရာအဖွဲ့၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်း၍ ရပ်ကွက်နှင့် ကျေးရွာများ၌ အပတ်စဉ်အလိုက် ကွင်းဆင်းဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

နန်းမြင့်(ပြန်/ဆက်)