ဖားဆောင်း ဇန်နဝါရီ ၂၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့် အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဗိုလ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့်အဖွဲ့သည် ဖားဆောင်းမြို့ပေါ်ရပ်ကွက်နှင့် ဖားဆောင်းကျေးကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၀၀)နှစ်နှင့် အသက်(၈၅)နှစ်အထက်ဘိုးဘွားများကို အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ပြီး ကျန်ကျေးရွာအုပ်စုများအတွင်းရှိ ဘိုးဘွားများကို လည်း အိမ်တိုင်ရာရောက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့် မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနတို့က ပေါင်းစပ်၍ ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်သည်။
ဖားဆောင်းမြို့နယ်တွင် ရပ်ကွက်(၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈)အုပ်စုရှိ အသက်(၁၀၀)နှစ် အဘွား (၁)ဦးနှင့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၅၄)ဦး၊ ပေါင်း(၅၅)ဦးတို့ကို လူမှုဝန်ထမ်း ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) အတွက် တစ်ဦးလျှင်(၃၀၀၀၀-/)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့မည့်ငွေမှာ(၁၆၅၀၀၀၀)ကျပ် ဖြစ်ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)