တနိုင်း ဇန်နဝါရီ ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိနိုင်မှုအပေါ်မူတည်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက်(၁၈)နှစ်အထက် ဦးစားပေး အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူရာတွင် အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း စာရင်းကောက်ယူရန်အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ရှင်းလင်းဆွေးနွေးခဲ့သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူနိုင်ရေး ညှိနှိုင်း အစည်းအဝေးသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများ တက်ရောက်ခဲ့ကြသည်။
ဝါဝါ(ပြန်/ဆက်)