ကျိုက်လတ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

ကျိုက်လတ်  ဩဂုတ်  ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ် ခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်က ဩဂုတ်လ (၉) ရက်နေ့တွင် ကြေညာမည့် ၂၀၁၉ -၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်မည့် အခြေအနေ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် စာရင်းများ ကပ်ထားသည့် အခြေအနေ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီ၏ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေသည့်ကာလဖြစ်သဖြင့် မိမိတို့၏ ဌာနလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျန်းမာရေး ဦးစီးဌာန၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ မြို့နယ်အတွင်း တိုင်ကြားစာများနှင့် ပတ်သက်၍ တာဝန် ပေးအပ်ထားသည့် ဌာနများအနေဖြင့် သတ်မှတ်ရက်အတွင်း စိစစ်ဆောင်ရွက်ပေးရန်၊ လျှပ်စစ်ဓာတ်အားလိုင်း ဧရိယာအတွင်း အဆောက်အဦ ဆောက်လုပ်ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်း များနှင့် ပတ်သက်၍ ညွှန်ကြားထားမှုတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများက မိမိတို့ နှင့် သက်ဆိုင်သည်များအား မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

  ရီရီမြင့်(ပြန်/ဆက်)