မလှိုင် ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန် လက်တွေ့ (ရိုးရိုးဆပ်ပြာထုတ်လုပ်နည်း) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
လူသုံးကုန် လက်တွေ့လုပ်ငန်းခွင်သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး မိတ္ထီလာမြို့ ယက္ကန်းနှင့် အိမ်တွင်းမှုလုပ်ငန်း ကျောင်းအုပ်ကြီး ဦးသာဝက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းမှူး ဦးဇင်ကိုလတ်က သင်တန်းစည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဖွင့်ပွဲအပြီးတွင် သင်တန်းကို ဆက်လက် ပို့ချရာ ဆပ်ပြာနှင့်ပတ်သက်သည့်အခြေခံသဘောတရားများကို စာတွေ့လက်တွေ့သင်ကြားပြီး ပန်ကန်ဆေးရည်၊ အဝတ်လျှော်ဆပ်ပြာရည် ၊ ရေချိုးဆပ်ပြာရည်နှင့် ဘက်စုံသုံးဆပ်ပြာရည် ထုတ်လုပ်နည်းများကို သင်တန်းနည်းပြဆရာနှစ်ဦးဖြစ်သော လက်ထောက်အင်ဂျင်နီယာ ဒေါ်မြင့်မြင့်ခိုင်နှင့် ဦးစီးမှူး ဒေါ်နီလာစိုးတို့က ပို့ချသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၁ဝ) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၅ ရက်နေ့မှ ၁၀ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်သူများကို နေ့တွက်နှင့်စားစရိတ်များ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)