ရွာသစ် ဇန်နဝါရီ ၂၇
တာဆန်းလဲ ဘုန်းတော်ကြီးကျောင်းသည် ရွာသစ်မြို့မှ (၃)မိုင်ခန့် သံလွင်မြစ် အနောက်ဘက် ကမ်းကုန်းပေါ်တွင် ဇရပ်တစ်ဆောင်နှင့်အတူ ယခင်က တည်ရှိခဲ့ဖူးကြောင်း၊ ကျောင်းမှာ သားနားထည်ဝါ လှသည်ကား မဟုတ် ကြောင်း၊ ပျဉ်ထောင်အင်ဖက်မိုး ကျောင်းဆောင်လေး သာဖြစ်ကြောင်း၊ ကျောင်းထိုင်ဆရာတော် အဆက်ဆက် သီတင်းသုံး၍ သာသနာပြုခဲ့ကြောင်း သိရသည်။
ကျောင်း၏ တောင်ဘက်ကုန်းပေါ်တွင် စေတီနှစ်ဆူရှိကြောင်း၊ ထိုစေတီကိုလည်း တာဆန်းလဲ စေတီဟူ၍ ခေါ်လေ့ရှိကြကြောင်း၊ တည်ထားသူ ဘုရားဒါယကာမှာ စဝ်ခွန်လီးနှင့် စဝ်ခွန်ဘော့ ညီအစ်ကို နှစ်ယောက် ဖြစ်ကြောင်း၊ စေတီတော်အား ညီအစ်ကိုနှစ်ယောက်ပြိုင်တူ တည်ကြသည် ဟု လူကြီးသူမတို့ အဆိုအရ လေ့လာ သိရှိရကြောင်း၊ ယခုအခါ တူးဖော်ရရှိလာ သော စေတီတော် တစ်ဆူ၏ အုတ်ချပ်သည် ‘၁၂၆၅’ ဟု ခုနှစ် သက္ကရာဇ်ကို တွေ့ရကြောင်း၊ တည်ထားကိုးကွယ် သော စေတီ၏ ခုနှစ်သက္ကရာဇ်ဟု မှန်းဆနိုင်ပါကြောင်း နောင်ဆိုင်ကျောင်းဆရာတော် ဦးတေဇဝန္တထံမှ သိရပါသည်။
‘တာဆန်းလဲ’ဟူသော ဝေါဟာရမှာ ရှမ်းဘာသာစကား ဖြစ်ကြောင်း၊ ‘တာ’ဆိုသည်မှာ ဆိပ်ကမ်း၊ ‘ဆန်းလဲ’ ဆိုသည်မှာ ပင်ပန်းဆင်းရဲသော ‘တာဆန်းလဲ’ ပင်ပန်းဆင်းရဲသော ဆိပ်ကမ်းဟု အဓိပ္ပါယ်ရပါကြောင်း၊ နယ်ချဲ့ အင်္ဂလိပ် ကိုလိုနီအစိုးရလက်ထက်က သံလွင်မြစ် အနောက်ဘက် ကမ်း အနောက်ဝမ်ခုံးရွာတွင် နယ်စားစော်ဘွား တို့၏ သစ်အခွန်တော်ကောက်ရာ ဌာနဆိပ်ကမ်း တစ်ခုအဖြစ် အသုံးပြုခဲ့လေကြောင်း၊ ထိုဆိပ်ကမ်းဌာနကို ရှမ်းပြည်နယ် မောက်မယ်၊ လင်းခေး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် စသည်တို့မှ သစ်အခွန်တော်များကို လာရောက်ပေးသွင်း ကြကြောင်း၊ လာရောက်ပေးသွင်းခြင်း အကြောင်းရင်းမှာ ရွာသစ်နယ်စားစော်ဘွား နယ်နိမိတ်ထဲ တွင် သစ်များ လာရောက်ထုတ်ယူမှုရှိကြောင်းဟု ဆိုပါကြောင်း၊ ၎င်းတို့သည် သစ်အခွန်တော် ပေးဆောင်ဖို့ရာ ရေလမ်းခရီးဖြင့်သာ ပင်ပန်းဆင်းရဲ ကြီးစွာ ထိုဆိပ်ကမ်းကို အရောက်လာကြ ရသောကြောင့် “ပင်ပန်းဆင်းရဲလှတယ် ကွာ” ဟု ညည်းညူ ပြောဆိုကြရာ အဓိပ္ပါယ်အားဖြင့် ရှမ်းဘာသာလို ‘ဆန်းလဲ’ဟူ၍ ဖြစ်ကြောင်း၊ ဆိပ်ကမ်းကိုမူ ရှမ်းဘာသာအားဖြင့် ‘တာ’ ဟုခေါ်ကြောင်း၊ ပင်ပန်းဆင်းရဲရသည်မှာ ထိုဆိပ်ကမ်း ကြောင့်ဟု အမည်သွင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နယ်စားစော်ဘွားတို့၏ အုပ်ချုပ်ရေးအရ သစ်အခွန်တော်ကောက်၍ ရရှိလာသော ဘဏ္ဍာငွေများ ကို ကျမ်းသစ္စာ ကျိန်ဆိုပြီးမှသာလျှင် သုံးစွဲရမည်ဟူသော ရှေးဓလေ့ထုံးတမ်းရှိကြောင်း၊ မိမိတစ်ဦး တည်း မစားသုံးဘဲ ရပ်ကျိုး ရွာကျိုး ဘာသာသာသနာ အကျိုးအတွက်လည်း သုံးပါမည်ဟူသော အဓိပ္ပါယ်ပင်ဖြစ်ကြောင်း တစ်ချိန်က ရွာသစ်မြို့၌ ကယားအမည်ဖြင့် ခူလီရယ်၊ ရှမ်းအခေါ်အား ဖြင့် စဝ်ခွန်လီးဆိုသူ နယ်စားစော်ဘွားရှိလေကြောင်း၊ တာဆန်းလဲ စဝ်ခွန်လီးစေတီတော်တည်ခဲ့ ပါကြောင်း၊ ယခုအခါ တာဆန်းလဲစေတီတော်အား ပြန်လည်ပေါ် ထွန်းလာပြီး “ကပ်ကျော်လဘ် ခေါ်” စေတီဟု အမည်ပေးကာ ထူးခြားဆန်းကြယ်သော စေတီတော်ဖြစ်သောကြောင့် ဒေသတွင်း ဘုရာဖူးဧည့်သည်များ လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိကြောင်း သိရှိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)