လပွတ္တာ၌ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

လပွတ္တာ   သြဂုတ်   ၆

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်/ မြို့နယ်အဆင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို လပွတ္တာခရိုင်အထွေထွေအုပ်ချုပ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကျင်းပသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲတွင် ခရိုင်အုပ်ချုပ်ရေးမှုး ဦးဇော်မျိုးညွန့်က ရွေးကောက်ပွဲ မတိုင်မီ ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ ရွေးကောက်ပွဲကာလအတွင်း ဆောင်ရွက်ရမည့်အချက်များ၊ မဲပေးပြီး လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဆွေးနွေးပြောကြားသည်။

 ထို့နောက် ခရိုင် လဝက ဦးစီးမှူးက မဲစာရင်းနှင့် လူဦးရေစာရင်းများကို မှန်ကန်မှုရရှိရေး၊ မှတ်ပုံတင်မရှိသူများကို ကျေးရွာအရောက် ပြုလုပ်ပေးခြင်းများကို (၂)လအတွင်း အပြီး ဆောင်ရွက် ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထိုနောက် ခရိုင်ရဲတပ်ဖွဲ့မှူးမှ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကိစ္စများ ဆောင်ရွက်ထားရှိမည့် အခြေအနေများအား ဆွေးနွေးခဲ့ပြီး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌမှ ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းကျော်မြင့် (ပြန်/ဆက်)