သီပေါမြို့နယ်တွင်၂၀၁၉−၂၀၂၀ဘဏ္ဍာရေးနှစ် အတွင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာ မတည် ရန်ပုံငွေစီမံကိန်း(VRFP) ကျေးရွာများသို့ရန်ပုံငွေလွှဲပြောင်းပေးအပ်

သီပေါ  သြဂုတ် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP) စီမံကိန်းကျေးရွာများသို့ ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီက  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစမ်းစမ်းအေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးတို့က အသီးသီး အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်နန်းက ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း(VRFP) သည် နိုင်ငံတော်မှCOVID−19 စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူပြုစေရန် လုပ်ကွက်ငယ် တောင်သူများ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လိုအပ်သောငွေကြေးအရင်းအနှီးများရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့်  ရန်ပုံငွေများ သုံးစွဲမှုနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သီပေါမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် မည့် ဟိုနားရွာနှင့် မွေတော်ရွာတို့အတွက် ရန်ပုံငွေ ကျပ်သိန်း(၃၀၀) စီ၊ မန်ဟုံရွာနှင့် ရေမောင်းရွာတို့အတွက် ရန်ပုံငွေကျပ်သိန်း(၂၀၀)စီ၊ ရွာမရွာနှင့် မန်မွန်း/ မန်ကျောင်းရွာတို့အတွက် ရန်ပုံငွေ ကျပ်သိန်း (၁၀၀)စီ စသည့်ကျေးရွာ(၆)ရွာတို့အား ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များသို့ ရန်ပုံငွေလွှဲပြောင်း ပေးခဲ့ကြောင်းသိရသည်။      

ခင်လေး(သီပေါ၊ ပြန်/ဆက်)