ရိခေါ်ဒါရ် သြဂုတ် ၆
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ရှိ ရပ်ကွက်ပြည်သူများ၊ အနီးအနားပတ်ဝန်းကျင်ရှိ ကျေးလက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေးအတွက် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာန၊ ရိခေါ်ဒါရ်မြို့ ရှေ့တန်းရုံးမှ တာဝန်ခံဦးစီးအရာရှိ (မြို့ဦးစီးမှူး) ဦးမောင်မောင် ဦးဆောင်၍ ဝန်ထမ်းများက သြဂုတ် ၃ ရက်မှစ၍ ယနေ့အထိသုံးရက်ကြာအထိ ရိခေါ်ဒါရ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ပေး လျက် ရှိသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ကတ်ပြားမိတ္တူ ဆောင်ရွက်ပေးခြင်းနှင့် ကတ်ပြားလဲလှယ်ပေးခြင်းများ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းတွင် ထည့်သွင်းရမည့် အချက်အလက်များ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် လိုအပ်ချက်များမဖြစ်ပေါ်စေရေးအတွက် ယခုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို ရပ်ကွက်အတွင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအခြေအနေအထိ ရပ်ကွက်ပြည်သူ ၈၀ ဦးခန့်အား နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ရိခေါ်ဒါရ် ပြန်/ဆက်