ပုသိမ် ဇန်နဝါရီ ၂၈
ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခြင်းလုပ်ငန်းများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊တိုင်းအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးက ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခြင်းလုပ်ငန်းများ အောင်မြင်စွာ ကျင်းပန်ုင်ရေးအတွက် ပုသိမ်ခရိုင်အတွင်း ပုသိမ်၊ ကန်ကြီးထောင့်၊ ရေကြည်၊ ကျုံပျော်၊ ကျောင်းကုန်း၊ သာပေါင်းနှင့် ငပုတောမြို့နယ်များအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထိုနောက် တင်ပြဆွေးနွေးမှု့အပေါ် တိုင်းအုပ်ချုပ်ရေးမှူးက ပြန်လည်ဆွေးနွေးလမ်းညွှန် မှာကြားပြီးရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခြင်းလုပ်ငန်းများအတွက် အသုံးစရိတ်များကို ထောက်ပံပေးအပ်ပြီး အခန်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါအခမ်းအနားကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် ကျင်းပပြုလုပ်ပြီး တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းနှင့် တာဝန်ရှိသူများ၊ ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ပုသိမ်ခရိုင်တွင် မြို့နယ် ၇ မြို့နယ်၊မြို့ ၈ မြို့၊ ရပ်ကွက် ၇၃၊ ကျေးရွာအုပ်စု ၅၁၇၊ စုစုပေါင်း ၅၉၀ ရှိသည်။
ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်များကို ၂၀၁၂ ခုနှစ် ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေများနှင့်အညီ ရည်ရွယ်ချက်များအတိုင်း ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့အပြီးသတ် ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်မြင့်( ပြန် /ဆက် )