မယ်စဲ့ မတ် ၃၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဘီပီ(၁၃)နှင့် ဘီပီ(၁၄)ဂိတ်များအပြင် အခြားလမ်းကြောင်းများမှ ပြန်လည်ဝင်ရောက်နိုင်မည့် နေရာများအား ပိတ်ဆို့စစ်ဆေးနိုင်ရန် အတွက် နမ့်မန်းကျေးရွာနှင့် မယ်ဆည်နမ်ကျေးရွာတို့တွင် စစ်ဆေးရေးဂိတ်များ ပြောင်းရွှေ့ဖွင့်လှစ်ထားမှုအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဌေးဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်က ကြည့်ရှုစစ်ဆေးခဲ့သည်။
မယ်စဲ့မြို့နယ်တွင် ဘီပီ(၁၃)နှင့် ဘီပီ(၁၄) နယ်စပ်ဂိတ်များကို မတ်၂၁ ရက်မှစ၍ တရားဝင် ပိတ်ထားပြီး ဘီပီ(၁၃)ဂိတ်အနီးရှိ အခြားဝင်ပေါက်/ထွက်ပေါက်များမှ တရားမဝင်ပြန်လည် ဝင်ရောက်လာနိုင်သူများအား ပိတ်ဆို့စစ်ဆေးနိုင်ရေးအတွက် နမ့်မန်းကျေးရွာတွင်လည်းကောင်း၊ ဘီပီ(၁၄)ဂိတ်နှင့် ဆက်စပ်ဝင်ပေါက်များနှင့် ဘီပီ(၁၅)လမ်းကြောင်းများမှ ပြန်လည်ဝင်ရောက် လာနိုင်သူများအား ပိတ်ဆို့စစ်ဆေးနိုင်ရေးအတွက် မယ်ဆည်နမ်ကျေးရွာတွင်လည်းကောင်း ပူးပေါင်းစစ်ဆေးရေးဂိတ်များကို ပြောင်းရွှေ့ဖွင့်လှစ်ထားရှိမှုအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး ပူးပေါင်းစစ်ဆေးရေးအဖွဲ့နှင့် တွေ့ဆုံကာ အဖွဲ့၏ လုပ်ငန်းတာဝန်များကို ချပြရှင်းလင်းပြီး ထူးခြားမှုရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန်နှင့် နေရပ်ပြန်ပြည်သူများရှိပါက အထက(မယ်စဲ့)တွင် Facilities Quarantine (၁၄)ရက်ကြာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် စစ်ဆေးရေးအဖွဲ့၏ အုပ်ချုပ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ သွားလာရေးနှင့် နေထိုင်စားသောက်ရေးတို့အတွက် ပြည်နယ် အစိုးရအဖွဲ့မှ ပထမအကြိမ်အဖြစ် အဖွဲ့တစ်ဖွဲ့လျှင် ထောက်ပံ့ငွေကျပ်(၂၄၅၀၀၀)နှင့် အဖွဲ့နှစ်ဖွဲ့ အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၄၉၀,၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)