ကန်ကြီးထောင့် ဩဂုတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲမှ ကိုဗစ်-၁၉ အထူးချေးငွေများကို ဇွန် ၂၅ ရက်မှစတင်ကာ တောင်သူများထံသို့ စနစ်တကျ ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ အထူးချေးငွေကို လယ်တစ်ဧကလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် မြို့နယ်အတွင်းရှိ ရပ် ကွက် နှင့် ကျေးရွာအုပ်စု စုစုပေါင်း အုပ်စု ၈၀ မှ တောင်သူ ၁၀၀၉၀ ဦး၏ လယ်ဧက ၇၁၁၉၅ ဧက အတွက် ချေးငွေကျပ် သိန်းပေါင်း ၃၅၅၉၇ ဒသမ ၅၀ သိန်း ထုတ်ချေးပေးရန် လျာထားပြီး ဩဂုတ် ၆ ရက်နေ့အထိ ကျေးရွာအုပ်စု ၄၇ အုပ်စုမှ တောင်သူ ၅၀၄၀ ဦး၏ လယ် ၃၅၈၀၈ ဧကအတွက် ငွေကျပ်သိန်းပေါင်း ၁၇၉၀၄ သိန်း ထုတ်ချေးပြီးဖြစ်ကြောင်းနှင့် ချေးငွေများထုတ်ချေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားပြီး လူစုလူဝေးမဖြစ်စေရေးအတွက် မြို့နယ်အားကစားရုံ၌ စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်မန်နေဂျာ ဦးမြင့်စိုးထံမှ သိရသည်။
အလားတူ ၂၀၂၀ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကိုလည်း ကိုဗစ်-၁၉ အထူးချေးငွေများနှင့်အတူ တစ်ပြိုင်တည်း ထုတ်ချေးပေးလျက်ရှိပြီး ချေးငွေများကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်း အပြီးထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)