ရွှေကူ မတ် ၃၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရွှေကူမြို့၌ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ် ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့် သီးခြားလူနာခန်းဆောင်ရွက်ထားရှိမှု အခြေအနေ များကိုလည်းကောင်း၊ ပြည်ပမှပြန်လည်ရောက်ရှိလာသောသူများအား ကိုရိုနာဗိုင်းရပ်(စ်)ရောဂါနှင့်ပတ်သက်၍ ၁၄ ရက်ကြာ စောင့်ကြည့်ရန်နှင့် သံသယလူနာများတွေ့ရှိပါက သီးခြားထားရှိရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိသော ရွှေကူမြို့ပေါ်ရှိ ရွှေမြင်းတတင် ဘုန်းတော်ကြီးကျောင်းတိုက်၊ ဘုရားကျောင်းနှင့် စာသင်ကျောင်းများတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ရွှေကူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိသော သီးခြားအခန်းများတွင် ဆေးဖျန်းခြင်းနှင့် လူစည်ကားရာနေရာများတွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်ဘုတ်များ စိုက်ထူခဲ့ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)