ရွှေကူမြို့၌ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ

ရွှေကူ  သြဂုတ်  ၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ သိရှိနိုင်ရန် အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၈ နာရီတွင် ရွှေကူမြို့ စည်ပင်သာယာရေးစျေးများနှင့် လူစည်ကားရာ နေရာများ၌ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေရာ၌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကထုတ်ဝေသည့် မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား လက်ကမ်းစာစောင်နှင့် ပိုစတာ အကြီး၊ မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ ပိုစတာအသေးတို့ကို မြို့နယ်စည်ပင်သာယာရေးစျေးများအတွင်း စျေးရောင်း/စျေးဝယ် များနှင့် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး မဲစာရင်းများ သွားရောက်ကြည့်ရှု ကြရန်နှင့် အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူများ မဲစာရင်းတွင် အမည်မပါရှိခြင်း၊  မှားယွင်းခြင်းများရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲထံ အချိန်မီ အကြောင်းကြားကြရန် ပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။     

အဆိုပါ ဆောင်ရွက်ရာခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌ ဒေါ်မမနှင့်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်ပြည်သူများ သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးအောင်(ပြန်/ဆက်)