တာမိုးညဲမြို့၌ ပြည်သူလူထုများနှင့် ဈေးသည်များအား နှာခေါင်းစည်း (mask) များ အခမဲ့ဖြန့်ဝေ

 

တာမိုးညဲ    ဇန်နဝါရီ      ၂၉

 

မူဆယ်ခရိုင်၊ တာမိုးညဲမြို့၌ (၅)ရက်(၁)ကြိမ်ဖွင့်လှစ်ရောင်းချလျက်ရှိသော မြို့မဈေးအဝင်းတွင် ယနေ့ နံနက်ပိုင်းက ဈေးဝယ်ပြည်သူ လူထုများနှင့် ဈေးသည်များအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးသည်။

အဆိုပါ နှာခေါင်းစည်းဖြန့်ဝေခြင်းကို မြို့ရပ်မိ/ရပ်ဖဦးမြင့်အောင်၊ တာမိုးညဲဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ဒုတိယဉက္ကဋ္ဌ၊ တာမိုးညဲမုန်းဝန်း ဗမာတိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့ဒုတိယဉက္ကဋ္ဌ ဦးလှခင်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ သင်းအုပ်ဆရာ ဦးဒီးလာနှင့် အဖွဲ့ဝင်များက ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ လက်ဝယ် ပေးအပ်ဖြန့်ဝေပေးသည်။

“ဖေဖော်ဝါရီလအတွင်းရောက်ရှိလာမည့် နှစ်သစ်ကူးပွဲ နီးကပ်လာတာနဲ့အမျှ ရပ်နီး/ရပ်ဝေးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဒေသခံ ပြည်သူတွေ ပြည်လည်ဝင်ရောက်လာတာ များပြားနေပါတယ်၊ ဒါကြောင့် နှာခေါင်းစည်းတွေကို အခုလို ဖြန့်ဝေပေးရခြင်း ဖြစ်ပါတယ်၊ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတွေ အရှိန်မပျက်ဆက်လက်ဆောင်ရွက်ဖို့လည်း စီစဉ်ဆောင်ရွက်ထားပါတယ်” လို့ ရပ်မိ/ရပ်ဖဦးမြင့်အောင်က ပြောကြားသည်။

တာမိုးညဲမြို့၊ မြို့မဈေးသည် (၅)ရက်(၁)ကြိမ်ဖွင့်လှစ်ခြင်းကြောင့် ဈေးရောင်း၊ ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိပြီး ဖေဖော်ဝါရီလတွင် ရောက်ရှိမည့် နှစ်သစ်ကူးကာလတို့ကြောင့် သာမန်ထက် ပိုမိုစည်ကားလာကာ နှာခေါင်းစည်းဖြန့်ဝေခြင်း၊ အသိပေးနှိုးဆော်ခြင်းတို့ကို အရှိန်မပျက် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်သူဟိန်း(ပြန်/ဆက်)