လွိုင်ကော် ဩဂုတ် ၆
CERPအစီအစဉ်ဖြင့် ရောင်းချပေးသော Sonalike(4WD)90HP ထွန်စက်ကြီး (၁၂) စီးနှင့် တွဲဖက်သုံး 6 disc poly disc plough (၁၁) လက်အား တောင်သူလက်ဝယ်သို့ပေးအပ်ပွဲ အခမ်းအနားကို ကယားပြည်နယ် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ ပြည်နယ်စက်မှုလယ်ယာဦးစီးဌာနရုံး၌ ဩဂုတ်လ ၆ ရက်နေ့ ၊နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးဘော့စ်ကို က အဖွင့် အမှာစကား ပြောကြားရာတွင် စက်မှုလယ်ယာ ဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်တဲ့ စက်မှုလယ်ယာ စနစ်ပြောင်း လဲ့ကျင့်သုံးရေးကို ဆောင်ရွက်တဲ့အခါမှာ လယ်ယာဝန်ဆောင်မှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ၊ စက်မှုလယ်ယာစနစ်ကျ လယ်ယာမြေ/ ကုန်းမြင့် လယ်ယာမြေနှင့် စိုက်ပျိုးမြေများ တိုးတက်ပေါ်ထွန်းလာစေရန် ၊ လယ်ယာသုံးစက်ကိရိယာများ တိုးတက် သုံးစွဲ နိုင်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက် သွားရန်နှင့် စက်မှုလယ်ယာ အသိပညာ အတတ်ပညာများ လေ့ကျင့် ပညာပေးရေးနှင့် သုတေသန လုပ်ငန်းများ တိုးတက်လာစေရေးကြိုးပမ်း ဆောင်သွားရန် ရည်ရွယ်ချက်ဖြင့် ကယားပြည်နယ်ရဲ့ စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုးတိုး တက်ပြီးလူနေမှုဘဝတွေလည်း ခေတ်နှင့်အညီ တိုးတက်ပြောင်းလာမှာဖြစ်ပါကြောင်း ၊ ယနေ့မှာ CERP အရ ကိုဗစ် ကာလမှာ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဌာနမှ ရောင်းချပေးသော Sonalike(4WD)90HPထွန်စက်ကြီး (၁၂)စီးနှင့် တွဲဖက်သုံး 6 disc poly disc plough (၁၁) လက်အား တောင်သူလက်ဝယ်သို့ပေး အပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ယခုလို ကိုဗစ်ကာလမှာ CERP အစီအစဉ်ဖြင့် လယ်ယာသုံးစက်ကိရိယာတွေ တိုးချဲ့သုံးစွဲလာနိုင်စေဖို့ ထွန်စက်ကြီးတွေ၊ ရိတ်သိမ်း ခြွေလှေ့စက်ကြီးတွေကို အရင်းအနှီးနည်းနည်းနှင့် ရရှိသုံးစွဲလာနိုင်အောင်ရည်ရွယ်ပြီး (၂နှစ်၃ရစ်) ဆပ်စနစ်၊ လုပ်ကွက် ငယ် တစ်နိုင်တစ်ပိုင် တောင်သူများအတွက် လက်တွန်း ထွန်စက်များကို (၃နှစ်၄ရစ်) ဆပ်စနစ်တို့ဖြင့် ရောင်းချပေးနေသလို တောင်သူများစက်တန်ဖိုး၏ ၂၀ ရာခိုင်နှုန်းကိုကနဦး ပေးချေစေပြီး စက်ကိုရယူဆောင်ရွက်နိုင်အောင် (၃နှစ်၇ရစ်) ဆပ်စနစ်ဖြင့် ဌာနနှင့်ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းကာ ရောင်းချပေးလျက်ရှိကြောင်း စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်မောင်ဝင်း က တောင်သူများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး CERP အစီအစဉ်ဖြင့် ရောင်းချပေးသော စက်ကိရိယာများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဦးဘော့စ်ကို နှင့် စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးခင်မောင်ဝင်းမှ တောင်သူ(၁၂)ဦးတို့အား Sonalike (4WD) 90HP ထွန်စက်ကြီး (၁၂)စီးနှင့် တွဲဖက်သုံး 6 disc poly disc plough (၁၁) လက်အား တောင်သူ လက်ဝယ်သို့ ထွန်စက်ပေးအပ်လွှာများကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထို့နောက် စက်မှုလယ်ယာဦးစီးဌာနမှတာဝန်ရှိသူများက တောင်သူများအား ထွန်စက်ကြီးမောင်းနှင် ထိန်းသိမ်းရမည့်နည်းများ အား စာတွေ့လက်တွေ့ ရှင်းလင်းပို့ချခြင်းကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အောင်ထွန်းလေး (ပြန်/ဆက်)