မိုင်းပန် ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် နမ့်တိန်းကျေးရွာအုပ်စု၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး တည်ဆောက်မည့်မြေနေရာ အဆောက်အဦ ပန္နက်ရိုက်ခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က အဆိုပါနေရာတွင် ကျင်းပခဲ့ပြီး အခမ်းအနားကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ မဲဆန္ဒနယ်အမှတ်(၁)ဦးစိုင်းနောင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဒေါ်ပါယို့ နှင့် ကုမ္ပဏီမှတာဝန်ရှိသူတို့ တက်ရောက် ခဲ့ကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင်၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်(၂၈.၇၈)သန်းဖြင့် နမ့်တိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးRC(၁)ထပ်(၃၀'x၄၀') အဆောက်အဦကို Golden Maukmai ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်သည်။
"ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ အုပ်ချုပ်ရေးယန္တရားရဲ့ အခြေခံအကျဆုံးဖြစ်သလို ရွေးကောက်ပွဲကျင်းပမည့် လုပ်ငန်းစဉ်များ နှင့် ကျွန်တော်တို့ဌာနအပြင် အခြားဌာနများအတွက် အချက်အလက်များ ကောက်ယူခြင်း၊ လူထုတွေ့ဆုံပွဲကျင်းပဖို့အတွက် အုပ်ချုပ်ရေးမှူးရုံးတွေက မရှိမဖြစ်လိုအပ်ပါတယ်။ ယခင် သူကြီးခေတ်များက သူတို့အိမ်တွေမှာ အုပ်ချုပ်ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်ခဲ့ တာ အဆင်ပြေခဲ့ပေမယ့် ယခုလို ခေတ်ကာလမှာ သီးသန့်ရုံးရှိတော့ ပွင့်လင်းမြင်သာမှုရှိပြီး ပြည်သူတွေအတွက်များစွာ လွယ်ကူ အထောက်အကူပြုနိုင်ပါတယ်။ မိုင်းပန်မြို့နယ်အနေနဲ့ ၁၇-၁၈ဘဏ္ဍာရေးနှစ်မှာ နောင်ဟီးကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဆောက်လုပ် ပေးခဲ့ပြီး ယခုရုံးနဲ့ဆို (၂)ရုံးတည်ဆောက်ပြီးစီးတော့ပါမည်ဖြစ်ပါကြောင်း၊ နမ့်တိန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးသည် နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ် ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိပြီး စာချုပ်စည်းကမ်းချက်များနှင့် အညီ အချိန်မီပြီးစီးစေရေးနှင့် သတ်မှတ် အရည်အသွေး ပြည့်မီရန်အတွက် ကြပ်မတ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း" မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဦးစိုးမင်းထက် မှပြောကြား ခဲ့ကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)