နမ့်ဆန်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကြိုတင်စာရင်းကောက်ယူရေး ညှိနှိုင်းဆွေးနွေး

 

နမ့်ဆန်            ဇန်နဝါရီ    ၂၉

 

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူများအား ကြိုတင်စာရင်း ကောက်ယူခြင်းဆိုင်ရာ ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ပြုလုပ်သည်။

 

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦး က အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထက်ဖြိုးဝေက နမ့်ဆန်မြို့နယ်အနေဖြင့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပထမဦးစားပေးအနေဖြင့် ကနဦး ထိုးနှံပေးနိုင်ပြီ ဖြစ်ကြောင်း ထို့အတူအသက်(၆၅)အထက် သက်ကြီးရွယ်အိုများ ကိုလည်းကောင်း၊ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားနေသည့်လူနာများ၊ ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုခြင်းခံရသူများနှင့် ထိတွေ့ထားကြသည့် ကြက်ခြေနီဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများကိုလည်း ဒုတိယဦးစားပေးအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံနိုင်ရန် အတွက် ကာကွယ်ဆေးထိုးနှံနိုင်ရန်အကြုံးဝင်သည့် သက်ကြီးရွယ်အို စာရင်းများကို ကျေးရွာအလိုက် စာရင်းများပြုစုထားခြင်း၊ အချက်အလက်များ ပြုစုထားခြင်း စသည့်အများ ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်သင့်သည်များကို ရှင်းလင်းပြောကြားသည်။

 

ဆွေးနွေးပွဲအပြီးတွင် ပန်နင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်က ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန် အလှူငွေ (၅) သောင်းကျပ် ကို မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)