ပူတာအိုမြို့နယ်၌ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံကွန်ကရစ်ပုံလောင်း သင်တန်းဖွင့်

ပူတာအို ဇန်နဝါရီ ၃၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ ကျေးလက်နေ ပြည်သူများ၏ လူမှုဘ၀မြှင့်တင်ပေးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ အသက်မွေး၀မ်းကျောင်း အထောက်အကူပြု အခြေခံကွန်ကရစ် ပုံလောင်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဇော်လင်းက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်း ကာလအတွင်း လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းကို ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ မြို့နယ်ဦးစီးမှူးနှင့် ၀န်ထမ်းများမှ အနီးကပ်ကြီးကြပ်မှုဖြင့် သင်တန်းနည်းပြ နှစ်ဦးတို့က ဇန်နဝါရီ(၂၉)ရက်မှ ဖေဖော်ဝါရီ (၁၂)ရက်နေ့အထိ(၁၅)ရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ပူတာအို မြို့နယ်အတွင်းရှိ မန်စေခွန်ကျေးရွာအုပ်စု၊ ဆာရ်ခွမ်ဒမ်း ကျေးရွာအုပ်စု၊ ဇီအွန်ကျေးရွာအုပ်စု၊ ပူတောင်းကျေးရွာအုပ်စုတို့မှ သင်တန်းသား(၁၅)ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)