ဖလမ်း ဇန်နဝါရီ ၃၀
ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအတွက် ဟားခါးလူငယ်အသင်း (Hakha Youth Organization) က ဖလမ်းမြို့ မီးဘေးသင့်ကူညီရေး အဖွဲ့ထံသို့ အလှူငွေ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်ကာ အလှူငွေများကို ဖလမ်းမြို့ မီးဘေးသင့်ကူညီရေးအဖွဲ့ ပြည်တွင်း ပြည်ပ မီးဘေးသင့် အလှူငွေရှာဖွေရေး တာဝန်ခံ ဆလိုင်းငယ်ပီး သျှန်းအုပ်ထန်းက လက်ခံရယူသည်။
ဟားခါးလူငယ်အသင်း (Hakha Youth Organization) သည် ပြည်နယ်အတွင်းရှိ မီးဘေးသင့် ပြည်သူများအား လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးနိုင်ရေး ဟားခါးမြို့၌ တစ်အိမ် တက်ဆင်းဖြင့် အလှူငွေကောက်ခံရာ ဖလမ်းမြို့မီးဘေးသင့် ပြည်သူများအတွက်(၄၅)သိန်း၊ ဟားခါးမြို့ မီးဘေးသင့် ပြည်သူများအတွက် သိန်း(၃၀)၊ ထန်တလန်မြို့ မီးဘေးသင့် ပြည်သူများအတွက်(၁၀)သိန်း၊ မင်းတပ်မြို့ မီးဘေးသင့် ပြည်သူများအတွက်(၁၀)သိန်း၊ ဟားခါးမြို့နယ်၊ သီးနမ်ကျေးရွာ မီးဘေးသင့် ပြည်သူများအတွက် (၁၀)သိန်း စုစုပေါင်း(၁၀၅)သိန်းကို မီးဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပေး နိုင်ခဲ့သည်။
ဖလမ်းမြို့ မီးဘေးသင့် ကူညီရေးအဖွဲ့သည် ဖလမ်းမြို့ မီးဘေးသင့် ပြည်သူများအတွက် အလှူငွေများ ကောက်ခံရာတွင် ပြည်တွင်း ပြည်ပမှ ပေးပို့လှူဒါန်းသည့် အလှူငွေပေါင်း သိန်း(၁၅၀၀)ခန့် လက်ခံရရှိပြီးဖြစ်ကာ မီးဘေးသင့် ပြည်သူများအတွက် အလှူငွေများကို ဖေဖော်ဝါရီလ ပထမပတ် အတွင်း ပေးအပ်နိုင်ရန် စီစဉ်လျက်ရှိသည်။
ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်တွင် ဇန်နဝါရီလ ၁၂ ရက် နံနက်ပိုင်းက လျှပ်စစ်မီးဖို အပူလွန် ကဲရာမှ လူနေအိမ်(၆)လုံး လောင်ကျွမ်းပျက်စီးသွားပြီး အမျိုးသမီး(၂) သေဆုံးခဲ့ကြောင်း သိရသည်။
ဂျွန်