ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်းအဆောက်အအုံများအား သန့်ရှင်းရေးဆောင်ရွက်လျက်ရှိ

ညောင်ဦး  ဖေဖော်ဝါရီ  ၉

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနပုဂံဌာနခွဲ၊ ယဉ်ကျေးမှုနယ်မြေ လုံခြုံရေးဌာနစိတ်မှ ကြီးကြပ်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်ရှိ ဘုရား၊ စေတီ၊ ပုထိုး၊ အုတ်ကျောင်းတို့အား ဇန်နဝါရီလမှစ၍ Area-A1၊ Area-B၊ Area-C၊ Area−D1၊ Area-D2 (a) နှင့် Area-D2 (b) စသည့်နယ်မြေဧရိယာ အပိုင်း (၆) ပိုင်း ခွဲခြား၍ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌနခွဲမှ ဦးမြင့်သန်း (ဒုတိယညွှန်ကြားရေးမှူး) ထံမှ သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ လုံခြုံရေးဌာနစိတ်မှ ကြီးကြပ်ကာ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်မှစ၍ Area-C ကို သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ဆူးလေးကုန်းဘုရားအစု၊ ဝတ္တနတော ဘုရားအစုနှင့် ဗူလယ်သီးဘုရားအစုရှိ ဘုရားများကို သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပြီးစီးခဲ့ကြောင်း သိရသည်။

Area-C အတွင်း ကျန်ရှိနေသော သပိတ်မှောက်ဘုရားအစုနှင့် ရွှေနန်းရင်တော် ဘုရားအစုရှိ ဘုရားများ၏ ဘုရားအပေါ်ပိုင်းတွင် ပေါက်ရောက်နေသော ပေါင်းမြက်များရှင်းလင်းခြင်း၊ ဘုရား ဆင်းတုတော်များပေါ်ရှိ ဖုန်နှင့် ချေးများချွတ်၍ ရောင်တော်ဖွင့်ခြင်း၊ အတွင်းလိုဏ် ပတ်လမ်း များရှိ ခိုချေးများနှင့် အမှိုက်များအား သန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ခြင်း၊ ဘုရားရင်ပြင်တော် ပေါ်မှ ပေ ၁၂၀ အကွာ အောက်ခြေပတ်ပတ်လည် ပေါင်းမြက်ချုံနွယ်များ ရှင်းလင်းခြင်း၊ ဘုရားအနီးရှိ ကန္တရိတ်၊ စောပင်ငုတ်နှင့် မဏီသံလျှက်ပင်ငုတ် စသည့်အပင်များ၏ ငုတ်များ တူးထုတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဦးမြင့်သန်း (ဒုတိယညွှန်ကြားရေးမှူး) က ပြောသည်။

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)