ချင်းရွှေဟော်မြို့မှ နေရပ်ပြန်သူများအား သက်ဆိုင်ရာဒေသများသို့ လွှဲပြောင်း

ချင်းရွှေဟော် ဖေဖော်ဝါရီ ၉

ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ် နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ ၃၅ ဦးအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးသက်ဦးပိုင်နှင့် ကော်မတီ အဖွဲ့ဝင်များက ၎င်းတို့၏သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိ နိုင်ရေးအတွက် ဖေဖော်ဝါရီ ၇ ရက်က ၁၄ ဦးနှင့် ယမန်နေ့နံနက် ၁၁ နာရီက ၂၁ ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ ၃၅ ဦးအား လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်းပို့ဆောင်ပေးသည်။

အဆိုပါ မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ ၃၅ ဦးမှာ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၃ ဦးတို့ ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှတစ်ဦး သင်္ဃန်းကျွန်းမြို့နယ်မှ သုံးဦး၊ တာမွေ မြို့နယ်မှနှစ်ဦး မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်မှတစ်ဦး မြစ်ငယ်မြို့နယ်မှ တစ်ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်မှ သုံးဦး၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှ တစ်ဦး၊ တောင်တွင်းကြီးမြို့နယ်မှတစ်ဦး ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်မှတစ်ဦး၊ ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်မြို့နယ်မှနှစ်ဦး၊ ကျုံပျော်မြို့နယ်မှသုံးဦး၊ နေပြည်တော် ဥတ္တရသီရိ မြို့နယ်မှငါးဦး၊ ရှမ်းပြည်နယ် နမ္မတူမြို့နယ်မှတစ်ဦး၊ လားရှိုးမြို့နယ်မှသုံးဦး၊ နောင်ချို မြို့နယ်မှ တစ်ဦး၊ မိုင်းနောင်မြို့နယ်မှတစ်ဦး၊ ကျောက်မဲမြို့နယ်မှတစ်ဦး၊ တန့်ယန်းမြို့နယ်မှတစ်ဦး၊ သီပေါ မြို့နယ်မှ နှစ်ဦးနှင့် ကွတ်ခိုင်မြို့နယ်မှ တစ်ဦးတို့ဖြစ်သည်။

၎င်းနေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ အမှတ်(၂)ရပ်ကွက်ရှိ မြို့တော်ခန်းမ အသွား အလာကန့်သတ် စောင့်ကြည့်ရေးစခန်းတွင်ထားရှိပြီး ချင်းရွှေဟော်မြို့ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနကပထမအကြိမ် Rapid Test Kit စနစ်ဖြင့် စစ်ဆေးခြင်းနှင့် ဒုတိယ အကြိမ်အဖြစ် ၎င်းတို့၏ဓာတ်ခွဲနမူနာ နှာခေါင်းတို့ဖတ်များအား ထပ်မံရယူ၍ မူဆယ်မြို့ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ကိုဗစ်-၁၉ ရောဂါ ပိုး မတွေ့ရှိရကြောင်းသိရ၍ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီမှ သက်ဆိုင်ရာဒေသများသို့ ရောက်ရှိနိုင်ရေးအတွက် စနစ်တကျ စီစဉ် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)