ပုသိမ် ဖေဖော်ဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ဧရာရွှေဝါခန်းမ၌ ကျင်းပသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်က နိုင်ငံအတွင်း ဒေသအသီးသီးတွင် လတ်တလောဖြစ်ပေါ်လျက်ရှိသော နိုင်ငံနှင့်ပြည်သူအကျိုး ပျက်စေမည့် သွေးထိုးလှုံ့ဆော်မှုများ၊ ကောလာဟလများ၊ နိုင်ငံ့ဝန်ထမ်းများ တာဝန်ဝတ္တရားများ မဆောင်ရွက်နိုင်အောင် သွေးဆောင်မှုများ ပြုမူဆောင်ရွက်နေသည်ကို တွေ့ရသည့်အတွက် နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် အလေးထားပြောကြားလိုကြောင်း၊ ဒေသတွင်းလုံခြုံ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အဓိကကဏ္ဍဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်မရှိစေရေးအတွက် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လုပ်ငန်း အောင်မြင်အောင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်သွားကြရန်၊ အရည်အသွေးမပြည့်ဝမှု၊ အရည်အချင်းလျော့နည်းမှုမျိုးမဖြစ်ပေါ်စေရေး ကြိုးပမ်းဆောင် ရွက်ကြရန် ပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီမှ ဗိုလ်မှူးကြီးကျော်စွာလှိုင်ကလုပ်ငန်းများဆောင် ရွက်မှုများကို ရှင်းလင်းပြောကြားပြီး ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီကျင်းပခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)