ချင်းရွှေဟော် ဖေဖော်ဝါရီ ၁၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက် လျက်ရှိရာ ဖေဖော်ဝါရီလ(၉)ရက်နေ့က (၂၇)ဦးနှင့်ယမန်နေ့ညနေ(၆)နာရီအချိန်က(၁၆)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၄၃)ဦး ထပ်မံဝင်ရောက် လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၄၃)ဦးတို့မှာ အမျိုးသား(၂၉)ဦး၊ အမျိုးသမီး(၁၄)ဦးတို့ဖြစ်ပြီး မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့နယ်မှ(၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်မှ(၂)ဦး၊ စစ်ကိုင်းမြို့နယ်မှ(၁)ဦး၊ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှ(၁)ဦး၊ ရခိုင်ပြည်နယ်၊စစ်တွေမြို့နယ်မှ(၃)ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှ(၁)ဦး၊ ရှမ်းပြည်နယ်၊ ခိုလမ်မြို့နယ်မှ(၇)ဦး၊ ကွမ်းလုံမြို့နယ်မှ(၂၀)ဦး၊ တန့်ယန်းမြို့နယ်မှ(၂)ဦး၊ နမ္မတူမြို့နယ်မှ(၁)ဦးနှင့် လားရှိုးမြို့နယ်မှ(၄)ဦး တို့ဖြစ်ပြီး ၎င်းနေရပ်ပြန်ပြည်သူများသည် တရုတ်နိုင်ငံတွင် အထပ်သားစက်ရုံ၊ ငရုတ်ခြံ၊ပဲသီးခြံနှင့် အခြား စိုက်ပျိုးသီးနှံခြံ လုပ်ငန်းများ၊ ဈေးရောင်းလုပ်ငန်းများတွင် သွားရောက်အလုပ်လုပ်ကိုင်ခဲ့ကြသူများ ဖြစ်ကြောင်းသိရသည်။
ထိုသို့ ချင်းရွှေဟော်နယ်စပ်ဂိတ်မှဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၄၃)ဦးမှ ချင်းရွှေဟော်မြို့နှင့် ထိစပ်လျက်ရှိသည့် လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်မှ နေရပ်ပြန်ပြည်သူ(၂၀)ဦးတို့အား ကွမ်းလုံမြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ပြီး ချင်းရွှေဟော်မြို့ ၊ သန္တိသုခလူမှုကူညီရေ:အသင်းယာဉ်ဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးခဲ့ကာ ကျန်ရှိသည့် အခြားမြို့နယ်များမှ နေရပ်ပြန်ပြည်သူ(၂၃)ဦးတို့အား ချင်းရွှေဟော်မြို့၊ မြို့တော်ခန်းမ၊ Quarantine Center တွင် ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ ၎င်းတို့အား ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)