ငါ့သရောက်မြို့၌ ထန်းတက်ရာသီစတင်ချိန် ထန်းဆွဲမြူအိုးအမြောက်အမြား လုပ်ကိုင်ရောင်းချနေရ

ညောင်ဦး ဖေဖော်ဝါရီ ၁ဝ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီမစတင်မီ အချိန်ကတည်းက ထန်းဆွဲမြူအိုးပြုလုပ်ထားကြပြီး ထန်းတက်လုပ်ငန်းစတင်ပြီဆိုသည်နှင့် ထန်းဆွဲမြူအိုးအမြောက်အမြား ရောင်းချခြင်းဖြင့် မိသားစု စီးပွားရေး တွက်ခြေကိုက်နေကြကြောင်း တောင်ကုန်းကျေးရွာနေ ဦးမြင့်ဆွေထံမှ သိရသည်။

အိုးအမျိုးမျိုးပြုလုပ်ကြသော်လည်း ထန်းဆွဲမြူအိုးကို အိမ်တိုင်းပြုလုပ်ကြကြောင်း၊ အိုးလုပ်ရာတွင် မြေကြမ်းအမျိုးအစားမြေနှင့် ကန်မြေအမျိုးအစား အချွဲ (ရွှံ့စေးမြေ)တို့ကို အဓိကထား၍ အိုးလုပ် ကြကြောင်း၊ အိုးလုပ်ရန်အတွက် မြေသားမှုန့်နေအောင် ကြိတ်နယ်ရပြီး အမှိုက်၊ သစ်မြစ်သေ၊ သစ်ရွက်များ ကင်းစင်အောင်ဖယ်ရှားကာ မြေသားသန့်ရှင်းပြီသည်နှင့် မြေသားနှစ်မျိုးကို ရေဖြင့်နှပ်ထားပြီး ရွှံ့တုံးများကို အဝတ်အစိုဖြင့်အုပ်ထားရကြောင်း၊  အိုးပြင်လှဲလှည့်သူနှင့် အိုးထွင်းသူနှစ်ဦးနှင့် အိုးလုပ်ငန်းလုပ်ကိုင်ရကြောင်း၊ အိုးထွင်းသူသည် အဓိကကျပြီး အိုးပြင်ကြူအား တစ်ရွာလုံးရှိလူတိုင်း လှည့်တတ်ကြကြောင်း သိရသည်။

ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာထွက် ထန်းဆွဲမြူအိုးများကို ထန်းတောင်သူများကြိုက် နှစ်သက်ရခြင်းမှာ ပါးလွှာပြီး ပေါ့ပါးခြင်းကြောင့် ထန်းတက်ရာသီတွင် ထန်းတောင်သူတိုင်းလာ ရောက်ဝယ်ယူကြကြောင်း၊ ထန်းသမားတစ်ယောက်ထန်းတက်လျှင် ထန်းဆွဲမြူအိုး ခုနှစ်လုံးအထိ ခါးချိတ်ကာ ထန်းတက်နိုင်ကြခြင်းသည် ပေါ့ပါးပြီးပါးလွှာသည့် ထန်းဆွဲမြူအိုးများကြောင့်  ထန်းတောင်သူများ အကြိုက်တွေ့ကြကြောင်း ငါ့သရောက်မြို့ တမာခါးကျေးရွာမှ ထန်းတောင်သူ ဦးမြင့်မောင်က ရှင်းပြသည်။

ထန်းဆွဲမြူအိုးများကို နတ်တော်လမှစတင် ပြုလုပ်ကြပြီး ထန်းဆွဲမြူအိုးတစ်လုံးလျှင် ကျပ် ၁၂၀ ရောင်းချရပြီး နုတ်တော်၊ ပြာသို၊ တပိုတွဲ သုံးလအတွင်း ထန်းဆွဲမြူအိုးအလုံးရေ နှစ်သိန်းခွဲကျော် ပြုလုပ်ရောင်းချရပြီး တောင်ကုန်းကျေးရွာအထိ လာရောက်ဝယ်ယူကြကြောင်း ဒေါ်စန်းယုံက ပြောကြားသည်။

ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာသည် အိုးအမျိုးမျိုးပြုလုပ်ကြပြီး ထန်းဆွဲမြူအိုးနှင့် ပြာသိုသောက်ရေအိုးတို့မှာ နာမည်ကျော်ငါ့သရောက်ဒေသ  ထွက်အိုးများဖြစ်ကြောင်း၊ ရေဆေးမြေဇလုံ၊ မြေပန်းအိုး၊မြေဘုရားပန်းအိုး၊ မြေသားမီးဖို၊ မုန့်ပြားသလပ်အိုး ခင်း၊ မြေသားစုဘူး၊ ထန်းလျက်အရက်ချက်ချွေး ခံပေါင်းအိုး၊ ကောက်ညှင်းပေါင်းအိုး၊ ပန်းပင်စိုက် မြေသားအိုးအမျိုးမျိုးတို့ ပြုလုပ်ရောင်းချကြကာ ကျောက်ပန်းတောင်း၊ တောင်သာ၊ ညောင်ဦး၊ ပုဂံ၊ ချောက်၊ တောင်ဇင်းကျေးရွာ၊ ဂျမ်းလှီးကျေးရွာများမှ လာရောက်ဝယ်ယူကြကြောင်းနှင့် ငါ့သရောက်မြို့ တောင်ကုန်းကျေးရွာတွင် အိုးဖုတ်ကုန်း(အိုးဖို) သုံးကုန်းရှိရာ တစ်ရွာလုံးမဲစနစ်ဖြင့် မိမိတို့အိုးဖုတ်ဖို့ မဲကျရာနေရာတွင် အိုးဖုတ်(အိုးဖို)ရကြောင်း သိရပြီး  တစ်အိမ်ထောင်လျှင် တစ်ရက်ထန်းဆွဲမြူအိုး ၂၀၀ ကျော် ပြုလုပ်ရောင်းချနေရကြောင်း သိရသည်။

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)