ညောင်ဦး ဖေဖော်ဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့်ငါ့သရောက်မြို့ ကျေးလက်တောင်သူများ ထန်းတက်လုပ်ငန်းစတင်ရန်ထန်းတက်ပင်များ ကြိုတင်ပြင်ဆင်နေကြပြီဖြစ်ကြောင်း ငါ့သရောက်မြို့ ထန်းပေါက်ကုန်းကျေးရွာ ထန်းတောင်သူ ဦးဝင်းစိုးက ပြောသည်။
ထန်းတောင်သူများ ထန်းတက်လုပ်ငန်းလုပ်ကိုင်ခြင်းအား ပြာသိုလ၊ တပို့တွဲလတို့တွင် စတင်ပြင်ဆင်လုပ်ကိုင်ကြပြီး ထန်းပင်များတွင် ရင်းထောင်၊ ရင်းဆွဲများပြုလုပ်ရန်အတွက် ငါးဝယ်ယူခြင်း၊ ထန်းဆွဲမြူအိုးဝယ်ယူစုဆောင်းထားခြင်း၊ ထန်းလျက်ချက်လုပ်ရန် ထန်းလျက်ချက်ဖိုပြင်ဆင်ခြင်းလုပ်ငန်းများ ကြိုတင်လုပ်ဆောင်နေကြောင်းလည်း သိရသည်။
ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တို့သည် ထန်းတောင်သူအများစု ကျန်ရှိ နေသေးသည့်မြို့များဖြစ်ပြီး အချို့ကျေးရွာများသည် တစ်ရွာလုံး ထန်းတက်လုပ်ငန်းလုပ်ကိုင်ကြသည့် ကျေးရွာ များရှိနေသေးကာ အချို့ကျေးရွာများမှာ ထန်းတက် လုပ်ငန်းစွန့်လွှတ်ကာ ရေကြည်ရာ၊ မြက်နုရာသို့ထွက်ခွာ အလုပ်သွားလုပ်ကြကြောင်း သိရသည်။
ထန်းတက်လုပ်ငန်းသည်ထန်းသမားတစ်မိသားစုလုံး ပင်ပန်းသည့်လုပ်ငန်းဖြစ်ကာ အိမ်ရှိလူကုန် နံနက်ပိုင်းမှ စတင်ပြီး ညနေမိုးချုပ်သည်အထိပင်ပင်ပန်းပန်း လုပ်ကိုင်ရ သည့်လုပ်ငန်းဖြစ်ကြောင်း၊ နံနက် မိုးမလင်းမီမှစတင်ကာထန်းတက်လုပ်ငန်းလုပ်ရကြောင်း၊ ထန်းရည်များ အချိန်မီချက်လုပ်နိုင်ရန် မိုးဗြဲဒယ်ဖြင့် ထန်းလျက်ချက်ဖိုပေါ်တင်ကာ အဆက်မပြတ်မီးထိုးရကြောင်း၊ ထန်းလျက်ချက်ပြီးချိန် ညနေထန်းပြန်တက်ရန် ပြင်ဆင်ရပြန်ကြောင်း၊ နားဖို့ပင် အချိန်မရှိဘဲ မနားမနေလုပ်ကိုင်ရသည့် ထန်းတက်လုပ်ငန်း ဖြစ်ကာ ထန်းလျက်ပေါ်ဦးပေါ်စတွင် တစ်ပိဿာကျပ် ၁၅၀၀ ရောင်းချရပြီး ထန်းလျက်လှိုင်လှိုင်ပေါ်ချိန်တွင် ကျပ် ၁၀၀၀ အထိ ဈေးနှုန်းကျဆင်းလာကြောင်း ထန်းတောင်သူများ က ပြောသည်။
ထန်းတောင်သူများ ထန်းတက်လုပ်ငန်း စတင် ဝင်ရောက်ရန် အရင်းအနှီးအဖြစ်ထန်းဆွဲမြူအိုးကြိုး၊ ထန်းဆွဲအိုး၊ ဝါး၊ လှေကားဆန်လုပ်ရန်သစ်၊ ထန်းလျက်ချက်ဖို အတွက် မြေနီ၊ မြေစေး၊ ကောက်ရိုး၊ သတ္တုဒယ်ကြီး၊ ချက်ပြီးသားထန်းလျက် ထည့်ရန် ထန်းလင်ပန်း၊ ထန်းလက်ကပ် စသည်တို့ကို ထန်းတက်လုပ်ငန်းမဝင်ခင် ကြိုတင်စီစဉ် စုဆောင်းထားရကြောင်း ပိုင်ထန်တဲပိုင်ရှင် ဦးမောင်ဆန်း က ပြောသည်။
ထန်းပင်ပြင်ခထန်းသမားတစ်ဦး ကျပ်၁၅၀၀၊ ကျွမ်းကျင် သည့်ထန်းသမားတစ်ဦး ထန်းပင်ပြင်လျှင် တစ်နေ့ ထန်းခုနစ်ပင်ပြီးကြောင်း၊ တစ်ရက် ထန်းပင် ၅၀ မှ ၅၅ ပင်အထိထန်းတက်ထန်းလှီးနိုင်ကြောင်း၊ ထန်းတစ်ပင်လျှင် တစ်လ ထန်းရွက်တစ်ရွက်သာထွက်ပြီး တစ်နှစ်မှ ထန်းရွက် ၁၂ ရွက်သာထွက်ရှိကြောင်း သိရသည်။ ထန်းပင်အမြင့် တစ်နှစ် ပတ်လုံးမှကြက်မတစ်ဝပ်စာသာတက်ကြောင်း၊ ထန်းလျက် လှိုင်လှိုင်ပေါ်ချိန်တွင် ထန်းလျက်ဈေးကောင်းရရန် ထန်းတောင်သူများ မျှော်လင့်နေကြောင်း ငါ့သရောက်မြို့ ဆင်သား မွေးကျေးရွာမှ ဦးမြင့်ကျော်က ပြောသည်။
ကိုထိန်၊ KPD