(၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ထားဝယ်မြို့၌ ကျင်းပ

ထားဝယ် ဖေဖော်ဝါရီ ၁၂

(၇၄) နှစ်မြောက်ပြည်ထောင်စုနေ့အခမ်းအနားကို ယနေ့နံနက် ၇ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ ရှေ့ရင်ပြင်၌ ကျင်းပသည်။

ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က အလေးပြု ခံစင်မြင့်တွင် နေရာယူပြီးဂုဏ်ပြု တပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူကာ တက်ရောက်လာသူများနှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အလံကို အလေးပြုခဲ့ကြသည်။

ထိုနောက် ဂုဏ်ပြုတပ်ဖွဲ့တီးဝိုင်းက နိုင်ငံတော်သီချင်းကိုတီးမှုတ်၍ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၁ခုနှစ်၊ (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့ သည့် သဝဏ်လွှာကို တနင်္သာရီ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင်အောင်က ဖတ်ကြား ပြီး ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြု ခြင်းကို ခံယူကာ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အဆိုပါ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးတင်အောင်၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ အရာရှိစစ်သည်များ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)