(၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင် တက်ရောက်

ဟားခါး  ဖေဖော်ဝါရီ 

၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ချင်းပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်က မိမိတို့ ချင်းတိုင်းရင်းသားများ၏ အမြတ်တနိုးတန်ဖိုးထားသည့် ချင်းအမျိုးသားနေ့ အခမ်းအနားကို ကိုဗစ်-၁၉ရောဂါ ကြောင့် ယခင်နှစ်များကဲ့သို့ စည်ကားစွာကျင်းပရန် မဖြစ်နိုင်သော်လည်း အနှစ်သာရရှိရှိ အောင်မြင်စွာ ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက် ကြရန် အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးတိုးဝင်းနှင့် တက်ရောက် လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဆပ်ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ တင်ပြချက်များ အပေါ် ပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။

၂၀၂၁ခုနှစ် (၇၃)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါဆိုင်ရာ စံလမ်းညွှန်ချက်များနှင့်အညီ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဟားခါးမြို့ မြို့တော် ခန်းမ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)