ဟားခါး ဖေဖော်ဝါရီ ၁၈
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးငွန်ဆန်းအောင်သည် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးဦးတိုးဝင်း၊ ကောင်စီဝင်များနှင့်အတူ ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်ရှိ ချင်းပြည်နယ် တရားလွှတ်တော် ဆောက်လုပ်ရေး လုပ်ငန်းကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့အား အဆောက်အဦတာဝန်ယူ ဆောက်လုပ်သည့် အဆောက်အဦ ဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂) အဆောက်အဦအထူး အဖွဲ့(၆)မှ တာဝန်ခံ အင်ဂျင်နီယာက ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဉက္ကဋ္ဌနှင့် အဖွဲ့သည် အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုကာ သတ်မှတ်ကာလအတွင်း ပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းသုံးပစ္စည်းများ အလေအလွင့်မရှိစေရေးနှင့် လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး ဂရုပြုဆောင်ရွက်ကြရန် မှာကြားသည်။
အဆိုပါ ချင်းပြည်နယ် တရားလွှတ်တော် RC(၃)ထပ် အဆောက်အဦ (၁၂၀ပေ×၁၄၀ပေ)+ (၄၈ပေ×၃၀ပေ)ကို ၂၉.၁၂.၂၀၁၈ ရက်နေ့မှစ၍ စတင်ဆောက်လုပ်ခဲ့ပြီး ယခုအချိန်တွင် လုပ်ငန်း တစ်ခုလုံး၏ (၅၉)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းနှင့် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေး နှစ်တွင်အပြီး ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)