နမ္မတူမြို့နယ် ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများ  အဆင်ပြေစေရေး မိသားစုအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

နမ္မတူ  ဖေဖော်ဝါရီ

ဆီလိန်ခမ်းလူမှုကူညီရေးအသင်းမှ နမ္မတူမြို့နယ်အတွင်း လာရောက်ခိုလှုံလျက်ရှိသော ယာယီတိုက်ပွဲရှောင်ပြည်သူများအား မိသားစုအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးခြင်းကို ဖေဖော်ဝါရီလ (၁၆)ရက်နေ့ ညနေ (၄)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဆီလိန်ခမ်းလူမှုကူညီရေးအသင်းမှ နမ္မတူမြို့နယ် ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းရှိ နမ့်တောင်ကုန်းကျေးရွာမှ ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၁၄)စု၊ လူဦးရေ (၅၈)ဦးတို့အတွက် တစ်အိမ်ထောင်လျှင် တစ်ကိုယ်ရည်သုံးပစ္စည်း (၁၀)မျိုးပါ Hygiene Kit (၁)ခု၊ အမျိုးသမီးဝတ်လုံချည် (၁)ထည်၊ ပုဆိုး (၁)ထည်၊ အင်္ကျီ (၁)ထည်၊ အနွေးအင်္ကျီ (၂)ထည်၊ ဦးထုပ် (၂)လုံး၊ စောင် (၂)ထည်၊ ခြေအိတ် (၂)စုံ၊ လက်အိတ် (၂)စုံ၊ အတွင်းခံဝတ်စုံ (၁)စုံနှုန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ (BJV) ကုမ္ပဏီမှလည်း နမ္မတူမြို့နယ် ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းရှိ မန်ဝါကျေးရွာနှင့် နမ့်တောင်ကုန်းကျေးရွာတို့မှ ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၃၃)စု၊ လူဦးရေ (၁၁၃)ဦးတို့အတွက် ငွေကျပ် (၂၆၂၀၀၀) တန်ဖိုးရှိ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

နမ္မတူမြို့နယ်တွင် ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှစတင်ကာ နမ္မတူမြို့နယ် ပန်ချင်ကျေးရွာ အုပ်စု ညောင်ဆွယ်ကျေးရွာနှင့် လွယ်ပြေးကျေးရွာအုပ်စု မန်ဝါကျေးရွာ အနီးတစ်ဝိုက်တွင် TNLA အဖွဲ့၊ SSPP/SSA ပူးပေါင်းအဖွဲ့နှင့် RCSS/SSAအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် နမ္မတူမြို့နယ် ပုဗ္ဗာရုံဘုန်းတော်ကြီးကျောင်းနှင့် မန်စံကျေးရွာ ဘုန်းတော်ကြီးကျောင်းတို့တွင် နမ့်တောင်ကုန်း ကျေးရွာအုပ်စု နမ့်တောင်ကုန်း၊ နားကျဲ၊ နားကျိုင်းကျေးရွာ၊ ပန်ချင်ကျေးရွာအုပ်စု ပိန်းလုံ၊ ကွန်းကျောင်းကျေးရွာနှင့် လွယ်ပြေးကျေးရွာအုပ်စု မန်ဝါကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင် လာကြသော ယာယီတိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၉၇)စု၊ လူဦးရေ (၃၁၅)ဦး လာရောက်ခိုလှုံလျက်ရှိကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)