ကျောင်းကုန်း၌ ဧရာဝတီဖောင်ဒေးရှင်းမှ အသက်ကယ်အင်္ကျီအထည် (၁၀၀)ထပ်မံလှူဒါန်း

ကျောင်းကုန်း ဩဂုတ် ၇

ဧရာဝတီဖောင်ဒေးရှင်းမှ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကြီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် နေ့စဉ်စက်လှေဖြင့် တက်ရောက်ပညာသင် ကြားနေသော ကျောင်းသား/သူများအတွက် အသက်ကယ်အင်္ကျီလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်(ပင်းတယမီးအိမ်ရှင်)က "ပန်းထုပ်ထားရင် ဖက်တောင်မွှေးတယ်"ဒီလိုပါပဲ၊ ပညာရှိ သူတော်ကောင်း တွေနဲ့ ပေါင်းဖက်ရင် အဲဒီသူတော် ကောင်းတွေရဲ့ ရနံ့ဟာ ကိုယ့်ကိုကူးတယ်" အသိပညာ​ပေးစကား​ပြောကြားခဲ့ပြီး၊ အလှုရှင် ဧရာဝတီဖောင်းဒေးရှင်းမှ ဦးငြိမ်းချမ်းစိုးဝင်း (မန်နေးဂျင်း ဒါရိုက်တာ ဧရာဝတီဘဏ်)က ကျောင်းကုန်းမြို့ရဲ့လိုအပ်နေသော ကွက်လပ်ကလေးကို ဖြည့်ဆည်းခွင့်ရလို့ ဝမ်းသာပါကြောင်းပြောကြားခဲ့သည်။

ထို့နောက် ဧရာဝတီဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာလူကြီးများက ထန်းတပင်အုပ်စုနှင့် လှေကွဲလဟာအုပ်စုတို့မှ စက်လှေဖြင့် နေ့စဉ်တက်ရောက် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား အသက်ကယ်အင်္ကျီများ ပေးအပ်လှူဒါန်းခဲ့ကြပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်း ကကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြား သည်။

ထန်းတပင်အုပ်စုနှင့် လှေကွဲလဟာအုပ်စုတို့မှ စက်လှေဖြင့် နေ့စဉ်တက်ရောက် ပညာသင်ကြား နေသော ကျောင်းသူ၊ ကျောင်းသား (၁၅၀) ဦးခန့်ရှိရာ လိုအပ်နေသော အသက်ကယ်အ င်္ကျီအထည်(၁၀၀)ကို ထပ်မံ၍ လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။ ယခင် ဇူလိုင်လ (၂၅) ရက်နေ့က ဧရာဝတီဘဏ် (ကျောင်းကုန်းမြို့နယ်ရုံးခွဲ)မှ အသက်ကယ်အင်္ကျီ အထည်(၅၀) လှူဒါန်းခဲ့ပြီးဖြစ်သည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် (ပင်းတယမီးအိမ်ရှင်)၊ဧရာဝတီဖောင်ဒေးရှင်းမှ အမှုဆောင်လူကြီးများ၊ မြို့နယ်အုပ်ချုပ် ရေးမှူး၊ မြို့နယ်ဆရာဝန်ကြီး နှင့်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)