ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ဝန်ထမ်းများနှင့် အသက်(၆၅) နှစ်နှင့်အထက် သက်ကြီး ဘိုး/ဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ဇမ္ဗူသီရိ မတ် ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင် (၅၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်း (၂၉၈) ဦးနှင့် အသက် (၆၅) နှစ်နှင့်အထက် သက်ကြီး ဘိုး/ဘွား (၁၂၀) ဦးအား ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို စတင် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအတွင်းရှိ အသက် (၆၅) နှစ်နှင့်အထက် သက်ကြီး ဘိုး/ဘွားများကိုလည်း မတ်လ ၁၇ ရက်နေ့အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)