ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဒုတိယအကြိမ် အခမဲ့ထိုးနှံပေး

ပုလော  ဧပြီ   ၂၀

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ်၌ ဌာနဆိုင်ရာ ၀န်ထမ်းများအား၊ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး Covishield ကို ယနေ့နံနက်(၉)နာရီက ပုလောမြို့နယ်ခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် ပုလောမြို့နယ် ကျန်းမာ‌ရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာပြုံးချိုနှင့် ကုသရေးဦးစီးဌာနမှ သူနာပြုဆရာ/ဆရာမများမှ ကာကွယ်ဆေးမထိုးမီ သွေးတိုး ဆီးချိုနှင့် အခြားရောဂါလက္ခဏာများ ရှိ/ မရှိနှင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပေးကာ ဆေးထိုးနှံပြီးပါက မိနစ်(၃၀)ခန့် စောင့်ကြည့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ပထမအကြိမ်၌ ပုလောမြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ သံဃာတော်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၂၁၃၇)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး ဒုတိယအကြိမ်ကို ဧပြီလ (၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမော်