လေးမျက်နှာမြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်များစိုက်ထူ

လေးမျက်နှာ   ဩဂုတ်  ၇

ဒေသအနှံ့အပြားတွင် အာဖရိကဝက်အပြင်းဖျားရောဂါကြောင့် ဝက်များအစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်ပွားလျက်ရှိရာ တစ်နိုင်တစ်ပိုင် ဝက်မွေးမြူသူများ၊ ဝက်မွေးမြူရေးသမားများ၊ ဝက်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် စီးပွားရေးထိခိုက်မှု မရှိစေရေးနှင့် ရောဂါ ပျံ့နှံ့ကူးစက်မှု မရှိစေရေးအတွက် ယမန်နေ့နံနက်(၇)နာရီခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ အောင်မင်္ဂလာဈေးတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ ဈေးများအတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်များ ချိတ်ဆွဲကာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ဆိုင်းဘုတ်များတွင် ဝက်မွေးမြူသူများ၊ ဝက်ကုန်သည်များ၊ လိုင်စင်ရ ဝက်လုပ်ငန်း လုပ်ကိုင်သူများအတွက် အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဖော်ပြထားရှိပြီး လိုင်စင်ရဝက်သားဆိုင်များမှ ရောင်းချလျက်ရှိသော အသားများသည် မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန် ဆေးကု ဆရာဝန်များ၏ စစ်ဆေးမှုခံယူထားသော အသားများဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)