အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်များစာရင်းအား (၇) ရက် ထပ်မံတိုးမြှင့်ကပ်ထားကြေညာ‌ပေးမည်

မန္တလေး ဩဂုတ် ၇

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်များစာရင်းကို သတ်မှတ်ပုံစံအတိုင်း (၁၄) ရက်ကြာ ကပ်ထားကြေညာခဲ့ရာ မဲဆန္ဒရှင်များစာရင်းကို ပိုမိုပြည့်စုံမှန်ကန်စေရန်နှင့် မဲဆန္ဒရှင်များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန်ပိုမိုရရှိစေရန်ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့ထိ (၇) ရက် ထပ်မံတိုးမြှင့်ကပ်ထားကြေညာ‌ပေးမည်ဖြစ်ကြောင်းကို ဩဂုတ်လ ၆ ရက်နေ့ ညနေ ၃ နာရီက အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မဲဆန္ဒရှင်များစာရင်းကို နောက်ထပ် (၇) ရက် တိုးမြှင့်ကပ်ထားကြေညာဖို့ရာအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က "ကျွန်တော်တို့ကို အကြောင်းကြားလာပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ကလည်း ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲများကို ထပ်ဆင့်အသိပေးအကြောင်းကြားထားပြီး ပြည်သူများသိရှိနိုင်စေဖို့နဲ့ မဲစာရင်းများ လာရောက် ကြည့်ရှုကြစေဖို့ကို သက်ဆိုင်ရာရပ်ကွက်အလိုက် မော်တော်ယာဉ်များနဲ့ ရပ်ကွက်အတွင်းလှည့်လည်ပြီး လိုက်လံအသိပေးနှိုးဆော်ကြဖို့ကိုလည်း တိုက်တွန်းမှာကြားထားပါတယ်"ဟု အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးက ပြောကြားသည်။

အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်များစာရင်းကပ်ထား‌ကြေညာခြင်းကို ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၇ ရက်နေ့ထိ (၁၄) ရက်ကြာ ထုတ်ပြန် ကြေညာထားရာ ဩဂုတ်လ ၆ ရက်နေ့အထိ လာရောက်ကြည့်ရှုသူ ၁၄၆၂၈ ဦး၊ ပုံစံ (၃) ဖြင့် တောင်းဆိုသူ ၄၂၉၅ ဦး၊ ပုံစံ (၄) ဖြင့် ကန့်ကွက်သူ ၆၄၉ ဦး၊ ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်သူ ၂၄၈၉ ဦးတို့ရှိကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)