ဘုတ်ပြင်း မေ ၃
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်တွင် မွေးကင်းစမှ (၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်က မြို့နယ် မိခင်နှင့်ကလေးကျန်းမားရေးဌာန ဆေးပေးခန်းတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများကို အမျိုးသမီးကျန်းမားရေးဆရာမ ဒေါ်ရီရီသန်းက ဦးဆောင်၍ ကျန်းမားရေးဝန်ထမ်းများက မွေးကင်းစကလေးငယ်နှင့် (၂)နှစ်အောက် ကလေးငယ်များအား (ဆုံဆို့နာ၊ ကြက်ညာချောင်းဆိုး ၊ မေးခိုင်ရောဂါ၊ ဦးနှောက်အမှေးရောင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)စသည့် (၅)မျိုးစပ်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ပိုလီယို အကြောသေရောဂါ ကာကွယ်သည့် အစက်ချဆေးတိုက်ကျွေးခြင်း၊ ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများ ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းဦး(ပြန်/ဆက်)