ထားဝယ် မေ ၃
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြိုနယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစိုးဝင်းနိုင် က မီးဘေးကာကွယ် ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းရေးနှင့် အရည်အသွေး ပြည့်ဝထက်မြတ်အောင် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာသော မီးသတ်ပညာရပ်များကို မီးသတ်တပ်ဖွဲ့ဝင်တိုင်း သိရှိတက်မြောက်ထားရန်အတွက် လေ့ကျင့်ရေးကို ဦးစားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ ရည်မှန်းချက်ဖြစ်သော မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းနှင့် ပြည်သူ့အကျိုး ပြုဆောင်ရွက်ရေး လုပ်ငန်းများကို စွန်စွန့်စားစား၊ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော တပ်ဖွဲ့ဝင်များကိုလည်း နိုင်ငံတော်က စွမ်းရည်သတ္တိနှင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်များ ချီးမြှင့်လျက်ရှိကြောင်း၊ သင်တန်းက သင်ကြားပေးလိုက်သော သင်ခန်းစာများကိုလည်း စိတ်ဝင်တစား လေ့လာသင်ကြားပြီး ပိုမိုကျွမ်းကျင်အောင် လေ့ကျင့်ကြရန် လိုကြောင်း၊ နိုင်ငံတော်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်ကြီး ဖြစ်အောင် တည်ဆောက်ရေးဆိုသည့် ရည်မှန်းချက်ပန်းတိုင်ကို မျက်ခြေမပြတ်ရန်အတွက် အစိုးရ၊ ပြည်သူတို့နှင့်အတူ ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဦးစိုးဝင်းနိုင် ၊ ဒုတိယတိုင်းဒေသကြီး မီသတ် ဦးစီးမှူး ဦးသန်းမျိုးဝင်း နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းတို့က သင်တန်းသားများအား အရန်မီးသတ်တူညီဝတ်စုံများ ပေးအပ်သည်။
သင်တန်းတွင် တာဝန်ရှိသူများက စစ်ရေးပြသင်ကြားခြင်း ရည်ရွယ်ချက်၊ မီးသတ်တပ်ဖွဲ့ရည်ရွယ်ချက် စွမ်းရည်(၄)ရပ်၊ အဓိကတာဝန်ကြီး(၅)ရပ်၊ စစ်ဝတ်တန်ဆာဝတ်ဆင်ရခြင်း အကျိုးကျေးဇူး၊ မီးလောင်မှု အခြေခံ သဘောတရား၊ မီးလောင်သည့် အကြောင်းအရင်း (၁၀)ချက်၊ ရေအကြောင်းအခြေခံသဘောတရား၊ အရန်မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းရခြင်းအကြောင်းနှင့် လုပ်ငန်းတာဝန်များ၊ အခြေခံကြိုးချည်နည်း၊ မီးငြိမ်းသတ်ရေး ကိရိယာ ကိုင်တွယ် အသုံးပြုနည်း၊ ရှေးဦးသူနာပြုစုနည်း၊ ကယ်ဆယ်နည်းအမျိုးမျိုး ၊ မီးသတ်တပ်ဖွဲ့ဥပဒေ စသည့် ဘာသာရပ်များကို မေ(၂၈)ရက်နေ့အထိ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)