ကျောက်ဆည်မြို့တွင် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ကျောက်ဆည်  မေ  ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မေလ(၁)ရက်နေ့က ကျရောက်ခဲ့သည့် မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျော်လွင်က အဖွင့်အမှာစကားပြေကြားခဲ့ပြီး  လေဘေးသင့်ပြီး လူနေအိမ်ထိခိုက်ပျက်စီးခဲ့သော ကျောက်ပုံကျေးရွာမှ ဦးလှိုင်ရဲဝင်း၊ ဦးအာကာဦး၊ ဦးရဲသူအောင်နှင့် ဦးချစ်သဲဦး ၊ ကွမ်းခြေကျေးရွာမှ ဦးခင်မောင်ဆွေ၊ ငှက္ကတောင်ကျေးရွာမှ ဒေါ်လှ  တောင်လွှဲကျေးရွာမှ ဦးလှမင်း အိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ အိမ်ထောင်စု(၁)စုလျှင် စောင်၊ တဘက်၊ ကျား လုံချည်၊ မလုံချည်၊ ဒန်အိုး၊ စတီးဇလုံ စသည့် ထောက်ပံ့ပစ္စည်း (၁၇)မျိုးနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့်  ကျောက်ပုံကျေးရွာမှ (၃)ပင်(၂)ခန်း၊ သွပ်မိုး၊ထရံကာ လူနေအိမ်(၃)လုံး၊ (၃)ပင်(၂)ခန်း၊ဝါးကပ်မိုး၊ထရံကာ၊လူနေအိမ်(၁)လုံး ကွမ်းခြေကျေးရွာမှ (၄)ပင်ပတ်လည် နံကပ်၊ သွပ်မိုး လူနေအိမ်(၁)လုံး၊ ငှက္ကတောင်ကျေးရွာမှ (၃)ပင်(၂)ခန်း၊ သွပ်မိုး၊ထရံကာ လူနေအိမ်(၁)လုံး၊ သင်တောင်းကျေးရွာမှ (၃)ပင်(၂)ခန်း၊ သွပ်မိုး၊  ထရံကာ လူနေအိမ်(၁)လုံး စုစုပေါင်း လူနေအိမ် (၇)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)