မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဇမ္ဗူသီရိ မေ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဝန်ထမ်းမိသားစုများအား ယနေ့နှင့် မနက်ဖြန် (၂) ရက်ထိုးနှံ ပေးသွားမည်ဖြစ် ကြောင်း၊ ကိုဗစ်-၁၉ နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကိုလည်း ဂရုပြုဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိမိဒေသနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများ ဖော်ဆောင်ပေးရန်၊ ဒေသအလိုက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိအောင်ဆောင်ရွက် ပေးရန်၊ မြို့ပြနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှုမရှိစေရေးဆောင်ရွက်ပေးရန်၊ မြို့နယ်အတွင်း ထူးခြားဖြစ်စဉ်များရှိပါက အချိန်နှင့် တစ်ပြေးညီ တင်ပြသွားကြရန်၊ ဌာနဆိုင်ရာ ရုံးများ၊  မြို့နယ်အတွင်းရှိဈေးများနှင့် ရပ်ကွက်/ကျေးရွာများအတွင်း မီးဘေးအန္တရာယ်ကို ဂရု ပြုရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သွေးလွန် တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိမိရုံးနှင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင် ကိုလည်း သန့်ရှင်းရေးများ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)