ပျဉ်းမနား မေ ၆
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖြစ်ကြသော အထက(၅)၊ အထက(၄)၊ အထက(၁)၊ အထက(၂)၊ အထက(၃)နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ အထက (ကျဉ်တောင်ကန်)နှင့် အထက(၃)တို့ ပြန်လည်ဖွင့်လှစ် သင်ကြားနိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် သက်ဆိုင်ရာကျောင်းအုပ်ကြီးများက ကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းအပ်နှံရေးစီစဉ်ထားရှိမှု၊ ကျောင်းရှိ ကျောင်းသားနှင့် ဆရာ/ဆရာမ အချိုး၊ စာသင်ခန်းများတွင် COVID-19 စည်းကမ်းများနှင့်အညီ စာသင်ခုံများ နေရာချထားမှု၊ စာသင်ချိန်များအား စီမံထားရှိမှု၊ စာသင်ခန်းများ ဖွင့်လှစ်သင်ကြားနိုင်ရေး စီမံထားရှိမှု၊ သင်ထောက်ကူပစ္စည်းများ ပြည်စုံမှုရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လည်းကောင်း၊ ကျောင်းကြို/ပို့ယာဉ်(School-Bus) များတွင် COVID-19 စည်းကမ်းများနှင့်အညီ ကြို/ပို့ဆောင်ရွက်မည့် အခြေအနေ၊ COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အပူချိန်တိုင်းကိရိယာများ၊ လက်ဆေးဘေစင်များ၊ လက်ဆေး ဆပ်ပြာများ၊ Hand Jel၊ Masksများ စီစဉ်ထားရှိမှုအခြေအနေ၊ သောက်သုံးရေးရရှိနိုင်ရေး ပြင်ဆင်ထားရှိမှု၊ သန့်စင်ခန်းများပြင်ဆင်ထားရှိမှု၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိ မှုအခြေအနေများနှင့် ဆရာ၊ ဆရာမများ COVID-19 ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအခြေအနေများအား သက်ဆိုင်ရာကျောင်းများအလိုက် ရှင်းလင်းတင်ပြကြသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က ကျောင်းဆရာ/ဆရာမများအနေဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအနေဖြင့် ကျောင်းသား/ကျောင်းသူများအား စိတ်ဓါတ်၊ စည်းကမ်း၊ ပညာ ထူးချွန်အဆင့် လူရည်ချွန်များ ပေါ်ထွက်လာစေရေး ဝိုင်းဝန်းကြိုးပမ်းစေလိုကြောင်း၊ တင်ပြချက်များနှင့် ပတ်သက်၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် COVID-19 စည်းကမ်းများနှင့်အညီ လိုက်နာ ဆောင်ရွက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးတို့အတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ စည်ပင်သာယာရေး ကော်မတီ၊ မီးသတ်၊ ရပ်ကွက်နှင့် ကျေးရွာ အုပ်စုမှသက်ဆိုင်ရာ အဖွဲ့အစည်းများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးစေရေး၊ ဆရာ/ ဆရာမများ COVID-19 ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် နေပြည်တော်ကျန်းမာရေး ဦးစီးဌာနမှ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးစေရေး၊ လုံခြုံရေး လိုအပ်သော ကျောင်းများသို့ နေပြည်တော်ရဲတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်ပေးနိုင်ရေးနှင့် အခြားလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများ၊ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)