သာစည် ဩဂုတ် ၇
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှုအစီအစဉ် အရဆောင်ရွက်သွားမည့် Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ရန်ပုံငွေများကို စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာများထံလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်စိုးက Cash for Work စီမံကိန်းနှင့်ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များနှင့် ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသော တာဝန်ရှိသူများက စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာကော်မတီဝင်များထံ ရန်ပုံငွေများလွှဲပြောင်းပေးအပ်သည်။ သာစည်မြို့နယ်တွင် Cash for Work စီမံကိန်းကို ကျေးရွာတစ်ရွာလျှင် ငွေကျပ် ၁၀ သန်းဖြင့် ၁၅ ရွာတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းဝင်ကျေးရွာများက ပြည်သူများအနေဖြင့် ၎င်းတို့၏ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေ၍ လုပ်အားခငွေထောက်ပံ့ပေးခြင်းအားဖြင့် ကျေးလက်နေပြည်သူများဝင်ငွေရရှိစေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ကို ကျေးရွာ ၁၂ ရွာတွင် စီမံကိန်းကျေးရွာအိမ်ခြေအလိုက် စီမံကိန်းထောက်ပံ့ရန်ပုံငွေအမျိုးအစားသုံးမျိုးကို ငွေကျပ်သန်း (၃၁၀) ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စီမံကိန်းရန်ပုံငွေမှ ချေးငွေရယူနိုင်ပြီး ပထမနှစ်စက်ဝန်း ၁၂ လအတွင်း ပြား ၅၀ အတိုးနှုန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းစိုး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းမောင်နှင့်ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် ကျေးရွာ ၂၇ ရွာမှ ကျေးရွာကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်း (သာစည်)