မိုင်းယောင်း မေ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် ရွာသူရွာသားများက ပြင်ဆင်ဆောင်ရွက်မှု များကို စုပေါင်းပြုလုပ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရ သည်။
COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် စာသင်ကြားမှုများ ယာယီရပ်ဆိုင်းထားရှိရာမှ ယခုလ နောက်ဆုံးအပတ်တွင် ကျောင်းအပ်နှံရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျောင်းများ ပြန်လည် ဖွင့်လှစ်ပါက ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ထွေ/အုပ်၊ ပညာရေး စသည့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာ ကျေးရွာတာဝန်ခံ အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာမှ ရွာသူရွာသားများက မိမိတို့၏ ရပ်ကွပ်/ကျေးရွာ ကျောင်းများ၌ ပြင်ဆင်ဆောင်ရွက်မှုလုပ်ငန်းများ၊ သန့်ရှင်းရေးလုပ်ငန်းများနှင့် လိုအပ်သည့် ထိန်းသိမ်း စောင့်ရှောက်မှုလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမြတ်သူ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းမြင့်သိန်း၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ထွန်း နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသည်။
မိုင်းယောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းအပ်လက်ခံ သွားမည်ဖြစ်ကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ပါးစပ်နှာခေါင်းစည်း (Mask)နှင့် မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း