ငါးသိုင်းချောင်းမြို့၌ ငဝန်မြစ်ရေ စိုးရိမ်ရေအမှတ်အထက် တစ်ပေခန့်ကျော်လွန်ရောက်ရှိ၊ ရေကာတာ ထိန်းသိမ်းရေးအဖွဲ့များ ပူးပေါင်းစောင့်ကြပ် ဆောင်ရွက်

ငါးသိုင်းချောင်း   ဩဂုတ်   ၇            

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့၊ ငဝန်မြစ်ရေသည် မြို့နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ (၁၁၈၂) စင်တီမီတာ စိုးရိမ်ရေအမှတ်အထက် (၂၂)စင်တီမီတာ၊ မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၏ ငဝန်ရေကာတာရေအမှတ် (၂၉) ပေ၊ ရေကာတာစိုးရိမ်ရေအမှတ်အထက် (၁)ပေခန့် ကျော်လွန်ရောက်ရှိလျက်ရှိကြောင်း သိရသည်။             

လက်ရှိအခြေအနေတွင် ရေကြည်မြို့နယ်အတွင်းရှိ ငဝန်ရေကာတာ တာမိုင်အရှည် စုစုပေါင်း(၂၂) မိုင်အတွင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရေကင်းများဖြစ်သည့် ဒေါင့်ကြီး၊ ဗောဓိကုန်း၊ ဘွဲ့ငူနှင့် မကျဉ်းလဟာ ကျေးရွာများရှိ ရေကင်းစခန်းများကို ရေကာတာ စိုးရိမ်ရေအမှတ်(၂၈)ပေသို့ စတင်ရောက်ရှိသည့် ဩဂုတ်လ (၃)ရက်နေ့မှစတင်၍ ဌာနရေကင်း (၄)ခုစတင်ဖွင့်လှစ်ပြီး နေ့ညမပြတ် စောင့်ကြပ်ကြည့်ရှုခြင်း၊ ရေကင်းစခန်းများ၌ ရေဘေးကြိုတင် ကာကွယ်ရေးနှင့် ရေကာတာအရေးပေါ်  ပြုပြင်ထိန်းသိမ်းရေးပစ္စည်းများ စုဆောင်းထားရှိခြင်း၊ သက်ဆိုင်ရာဌာနများ၊ အရပ်ဖက်အဖွဲ့အစည်းများကို ချိတ်ဆက် အသိပေးဆောင်ရွက်ခြင်းတို့ ဆောင်ရွက်ထားရှိသည်။

လက်ရှိရေအမှတ်တွင် ရေကြည်မြို့နယ်အတွင်းရှိ ငဝန်ရေကာတာမှာ ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိပြီး မြစ်ရေအခြေအနေနှင့် ရေကာတာအခြေအနေကို အဆက်မပြတ် စောင့်ကြည့်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှသိရှိရသည်။

ဆက်လက်၍ ငါးသိုင်းချောင်းမြို့ ငဝန်ရေကာတာတစ်လျောက်ရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၂)စုတွင် ဆည်/ရေဦးစီးဌာန ရေကင်းများနှင့်ပူးပေါင်း၍ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအလိုက် ရေကာတာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များက ရေကာတာကြံ့ခိုင်မှုအတွက် ပူးပေါင်းဆောင်ရွက်ခြင်းကို ယနေ့တွင် စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ မြစ်ရေ ဆက်လက်မြင့်တက်လာပါက အရပ်ဖက် ရေကင်းများကို ထပ်မံဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေကာတာ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေဘေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့ပေါ်ရှိ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း ငါးသိုင်းချောင်း မြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဌေးက ပြောကြားသည်။

လက်ရှိအခြေအနေတွင် ငါးသိုင်းချောင်းမြို့ ငဝန်မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် (၁)ပေခန့် ကျော်လွန်ရောက်ရှိနေသော်လည်း ဒေသခံပြည်သူများ ပုံမှန်ဆက်သွယ် သွားလာလျက်ရှိနေပြီး ရေကာတာမှာလည်း ကြံ့ခိုင်မှုကောင်းမွန်လျက်ရှိနေကြောင်း သိရှိရသည်။                                 

စိုးမင်းဦး(ပြန်/ဆက်)